Monday, July 22, 2013

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေလား


 Monday, 22 July 2013

ဒီဓာတ်ပုံဟာ မြန်မာငြိမ်းချမ်းရေးစင်တာ( MPC )က ဦးမင်းဇော်ဦး တင်ထားတဲ့ ဓာတ်ပုံတပုံပါ။ ဒီဓာတ်ပုံဟာ အဓိပ္ပာယ်တွေ အများကြီးကို ဖော်ဆောင်နေသလို ရှိပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့မှာ MPC မှာ စုပေါင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံလည်းဖြစ်ပါတယ်။

တချိန်က နာမည်ကြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အပါအ၀င် လွှတ်တော်ဆိုင်ရာခေါင်းဆောင်တွေ MPC မှာငြိမ်းချမ်းရေး ကိစ္စတွေဆွေးနွေးကြအပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။


သမ္မတ ဦးသိန်းစိန်နဲ့ အဓိက နီးစပ်ပြီး သမ္မတရုံး ၀န်ကြီး တဦးဖြစ်တဲ့ ဦးအောင်မင်း ပတ်သက်တဲ့ ဒီ MPC ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော် သေနတ်သံ မစဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရ စစ်တပ် တို့ကြား စစ်ပွဲတွေကနေ အပစ်အခတ်ရပ်စဲရေးတွေ၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးကို အဓိက ဖော်ဆောင်နေတယ်လို့ လူတွေက သိထားကြပါတယ်။

ဒါကြောင့် အခုလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးထဲ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပါဝင်စေလိုတဲ့ အတွက် တောင်းဆိုမှုတွေ ရှိနေသလို ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မိမိတတ်နိုင်တဲ့ ဘက်က ပါဝင်လိုကြောင်း အခါခါ ပြောခဲ့ဖူးပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င်လွှတ်တော်ခေါင်းဆောင် ပိုင်းတွေလည်း ဒီ MPC မှာ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမှုတွေမှာ ပါဝင်လာသလို ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင်လာနေတာကြောင့် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေများ ပေါ်ထွက်လာမလားလို့ တွေးမိပါတယ်။

သမ္မတ ဦးသိန်းစိန်ကလည်း ဗြိတိန်၊ ပြင်သစ် ဥရောပ ၂ နိုင်ငံ ခရီးစဉ်အတွင်း ဒီရက်ပိုင်းတွေအတွင်း တနိုင်ငံ လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးမှုကြီးဖော်ဆောင်ကြိုးစား သွားမယ် လို့ ကမ္ဘာသိ ပြောဆိုခဲ့ပါတယ်။

ဒါတွေဟာ အဆက်အစပ်တွေဖြစ်ပြီး အခုလို ဒီကနေ့ MPC က ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးမှု ဖြစ် ပေါ်ခဲ့တာလားဆိုတာ တွေးမိပါတယ်။

တိုင်းရင်းသားတွေဘက်တော့ရော တနိုင်ငံ အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးပွဲကြီးအတွက် အဆင်သင့်ဖြစ်နေကြပြီလား ။

ဟိုရက်ပိုင်းက မွန်ပြည်သစ်ပါတီနဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား မှားယွင်းပစ်ခတ်မှုတွေနဲ့ အတူတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေရဲ့ သံသယတွေ ဆက်ရှိနေသေးလားဆိုတာတော့ မေးစရာမေးခွန်းတခု ဖြစ်နေ ပါသေးတယ်။

သံသယတွေ အမှန်ပျောက်ဖို့ ဆိုတာ အစိုးရ၊ စစ်တပ်၊လွှတ်တော်၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားတွေ၊ နိုင်ငံသားတွေ အားလုံးက လက်တွေ့ လုပ်ရပ်များနဲ့ ယုံကြည်မှု တည်ဆောက်နိုင်မှ ဖြစ်မယ်လို့ ယုံကြည်ပါ တယ်။

ဧရာဝတီblog

No comments: