Tuesday, July 09, 2013

တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာလိမ့်မည် မဟုတ်ဟု ဇင်ဘာဘွေ ဝန်ကြီးချုပ် ပြောကြား


Tuesday, July 9, 2013

ယခုလကုန်တွင် ကျင်းပမည့် ဇင်ဘာဘွေ ရွေးကောက်ပွဲမှာ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာလိမ့် မည်မဟုတ်ကြောင်း လက်ရှိ ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ၏ အဓိက နိုင်ငံရေး ပြိုင်ဘက်ဖြစ်သူ ဝန်ကြီးချုပ် မော်ဂန်ချန်ဂရိုင်းက ပြောကြားခဲ့သည်ဟု ရိုက်တာ သတင်းဌာနတွင် ဖော်ပြထားသည်။


မူဂါဘီ၏ ပါတီဖြစ်သော ZANU-PF ပါတီက အာဏာကို ဆက်လက် စွဲကိုင်ထားနိုင်ရန်အတွက် ဗျူရိုကရေစီ အတားအဆီးများနှင့် သေဆုံးပြီးသူ များ၏ အမည်များကို မဲစာရင်းတွင် ထည့်သွင်းခြင်းကဲ့သို့သော လှည့် ကွက်များကို အသုံးပြုလိမ့်မည်ဟု ချန်ဂရိုင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ဇင်ဘာဘွေ ပြည်သူများက ၃၃ နှစ်ကြာ အာဏာ ရယူထားပြီး တိုင်းပြည်၏ စီးပွားရေးကို အဆိုး ဆုံးအခြေအနေရောက်အောင် တွန်းပို့ခဲ့သည့် ZANU-PF ပါတီကို ဖယ်ရှားပစ်ရန် ဆန္ဒ ပြင်းပြနေသဖြင့် ထိုလှည့်ကွက်များမှာ အလုပ်ဖြစ်လိမ့်မည် မဟုတ်ဟုလည်း ချန်ဂရိုင်း က ပြောကြားခဲ့သည်။

“ဘုရားသခင်ကတောင် ဇင်ဘာဘွေနိုင်ငံ ဒုက္ခတောထဲမှာ ထာဝရ နစ်နေမယ့် အဖြစ်မျိုး ဖြစ်စေချင်မှာ မဟုတ်ပါဘူး” ဟုလည်း အသက် ၆၁ နှစ် အရွယ် ရှိပြီဖြစ်သော ချန်ဂရိုင်းက ထပ်လောင်း ပြောကြားခဲ့သည်။

သို့သော် ZANU-PF ပါတီနှင့် ဇင်ဘာဘွေ ရွေးကောက်ပွဲ ကော်မရှင် ကမူ ရွေးကောက်ပွဲတွင် မည်သည့် မသမာမှုမျိုး လုပ်ဆောင်လိမ့်မည် မဟုတ်ဟု ငြင်းဆန်ခဲ့ပြီး လက်ရှိ သမ္မတ မူဂါဘီကလည်း ရွေးကောက် ပွဲတွင် ထပ်မံအနိုင်ယူကာ ချန်ဂရိုင်း၏ Movement for Democratic Change ပါတီ အတွက် လုပ်ဆောင် နေမှုများကို အဆုံးသတ်ပစ်မည်ဟု သောကြာနေ့ က ပြုလုပ်ခဲ့သော ၎င်း၏ မဲဆွယ်ပွဲတွင် ပြောကြားခဲ့သည်။

မီဒီယာပိုင်းနှင့် လုံခြုံရေးပိုင်းတွင် ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရန် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် ချန်ဂရိုင်း၏ Movement for Democratic Change ပါတီက ကြိုးစားခဲ့သေးသော်လည်း အောင်မြင်မှု မရ ခဲ့ချေ။

ဇင်ဘာဘွေ၏ တစ်ခုတည်းသော ရုပ်သံလိုင်းဖြစ်သည့် ZBC ရုပ်သံလိုင်း မှာ နိုင်ငံပိုင် ရုပ်သံလိုင်း ဖြစ်သော် လည်း ZANU-PF ပါတီက ချုပ်ကိုင်ထားသော ရုပ်သံလိုင်း ဖြစ်သဖြင့် Movement for Democratic Change ပါတီက ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခွင့်ရရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ZBC ရုပ်သံလိုင်းသည် မူဂါဘီ၏ မဲဆွယ်ပွဲကို တိုက်ရိုက် ထုတ်လွှင့်ပေး ခဲ့သော်လည်း ချန်ဂရိုင်း၏ မဲဆွယ် ပွဲကို ထုတ်လွှင့်ပေးရန်အတွက် ဒေါ်လာ ၁၆၅,၀၀၀ တောင်းခံခဲ့သည်ဟု Movement for Democratic Change ပါတီမှ တာဝန်ရှိသူများက ပြောကြားသည်။

ထို့ပြင် Movement for Democratic Change ပါတီသည် မူဂါဘီ အတွက် ပေါ်ပေါ်တင်တင် မဲဆွယ်ပေး လျက်ရှိသော ဇင်ဘာဘွေ စစ်တပ် ကိုလည်း နိုင်ငံရေးနှင့် ကင်းကင်းနေရန်နှင့် အကယ်၍ မူဂါဘီ ရှုံးသွား ပါကလည်း ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပါမည်ဟု သဘောတူလက်မှတ်ရေးထိုး ပေးရန်လည်း တောင်း ဆိုထားသည်။

သို့သော် စစ်တပ်မှ အရာရှိကြီးများကမူ ရွေးကောက်ပွဲတွင် ချန်ဂရိုင်း အနိုင်ရခဲ့လျှင်လည်း ၎င်းတို့ အနေနှင့် ချန်ဂရိုင်းကို အလေးပြုလိမ့်မည် မဟုတ်ဟု ပြောကြားထားသည်။

အသက် ၈၉ နှစ်အရွယ် ရှိပြီဖြစ်သော လက်ရှိသမ္မတ မူဂါဘီသည် ၁၉၈၀ ခုနှစ်က အင်္ဂလိပ်တို့ထံမှ ဇင်ဘာ ဘွေနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းကတည်းက တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ခြင်းဖြစ်သည်။

The Voice Weekly

No comments: