Tuesday, July 9, 2013
လာဘ်စားမှုများကို တိုက်ဖျက်သွားမည်ဟု ပြောကြားထားသော တရုတ် သမ္မတသစ် ရှီကျင့်ဖျင် လက်ထက် တွင် တရုတ် မီးရထားဝန်ကြီးဟောင်းကို လာဘ်စားမှုဖြင့် ဆိုင်းငံ့သေဒဏ်ချမှတ် လိုက်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် အရေးပါသော အမြန် ရထားလမ်း ကွန်ရက်ကြီး၏ ဖခင်ဟု ချီးကျူးခံခဲ့ရသော တရုတ် မီးရထား ဝန်ကြီးဟောင်း လျူကျီကျန်းကို လာဘ်စားမှုဖြင့် ဘေဂျင်းရှိ တရားရုံး တစ်ခုက ဆိုင်းငံ့ သေဒဏ် ပြစ်ဒဏ် ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။
မီးရထား ဝန်ကြီးအဖြစ် ရှစ်နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူ လျူကျီကျန်း သည် တရုတ်ယွမ်ငွေ သန်း ၈၀၀ (အမေရိကန် ဒေါ်လာ သန်း ၁၃၀) ခန့် လာဘ်စားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် က ရာထူးမှဖယ်ရှားခြင်းခံခဲ့ရသည်။
၎င်းသည် လာဘ်ငွေ ယွမ် ၆၄ သန်းကို လက်ခံယူခဲ့ပြီး လူ ၁၁ ဦးကို ရထားလမ်း ကန်ထရိုက် ရစေရန် နှင့် ရာထူးတိုးစေရန် ကူညီခဲ့သည့် အမှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း တရုတ် အစိုးရထုတ် ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။
“လျူကျီကျန်းကို ၂ နှစ် ဆိုင်းငံ့ သေဒဏ် ချမှတ်လိုက်တယ်” ဟု တရုတ် တရားရုံး တာဝန်ရှိသူ တစ်ဦးက AFP သတင်းဌာနကို ပြောကြားသည်။
တရုတ်ဥပဒေအရ ယွမ်ငွေတစ်သိန်းအထက် လာဘ်စားသူကို သေဒဏ်ပြစ်ဒဏ်ချမှတ်နိုင်ပြီးယခုလျူကျီ ကျန်း ကို ချမှတ်လိုက်သော ဆိုင်းငံ့ သေဒဏ် ပြစ်ဒဏ်သည် ပုံမှန်အားဖြင့် တစ်သက်တာ ထောင်ဒဏ် အဖြစ်သို့ ပြစ်ဒဏ် လျှော့ချပေးလေ့ ရှိသည်။
မီးရထား ဝန်ကြီးဟောင်း လျူကျီကျန်း ပိုင်ဆိုင်သော ပစ္စည်းများကို သိမ်းယူရန် တရုတ် တရားရုံးက အမိန့် ချမှတ်ခဲ့ပြီး အာဏာအလွဲသုံးစား ပြုလုပ်မှုဖြင့်လည်း သီးခြားပြစ်ဒဏ် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။
တရုတ် အဝေးပြေး ရထားလမ်း ကွန်ရက်သည် လွန်ခဲ့သော နှစ်များအတွင်း တရုတ်နိုင်ငံတွင် လွန်စွာအရေး ပါသော ပရောဂျက် တစ်ခုဖြစ်ပြီး ကမ္ဘာ့ အရှည်ဆုံး မြန်နှုန်းမြင့် အဝေးပြေးရထားလမ်း ပိုင်ဆိုင်ထားသည်ဟု ဂုဏ်ယူရသော လုပ်ငန်းတစ်ခု ဖြစ်သည်။
သို့သော် ၂၀၁၁ ခုနှစ်က တရုတ်အရှေ့ပိုင်း မြို့တစ်ခုဖြစ်သော ဝမ်ကျိုးမြို့၌ အဝေးပြေး အမြန်ရထား တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၄၀ ခန့် သေဆုံးခဲ့ပြီးနောက် လူအများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။
တရုတ် သမ္မတသစ် ရှီကျင့်ဖျင်က လာဘ်စားမှုသည် တရုတ် ကွန်မြူနစ်ပါတီ ကို ခြိမ်းခြောက်နေသော ကိစ္စ ဖြစ်ကြောင်းနှင့် လာဘ်စားမှုကို တိုက်ဖျက် သွားရန် သန္နိဋ္ဌာန် ချထားကြောင်း ပြောကြားသည်။
ယခုနှစ် မေလက တရုတ် အစိုးရ၏ ဆင်ဟွာ သတင်းတွင် ဖော်ပြချက်အရ တရုတ်အစိုးရ ထိပ်တန်း အဖွဲ့ ဝင်ဟောင်း တစ်ဦးဖြစ်သူ လျူတီနန်ကို လာဘ်စားမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးခဲ့သည်။
ထို့ပြင် အင်တာနက် လူမှုကွန်ရက် အသုံးပြုသူများ၏ ဖော်ထုတ်ချက်များအရ တရုတ် အစိုးရအဖွဲ့တွင် အဆင့်မြင့် ရာထူး မဟုတ်သည့် အရာရှိများ သည်လည်း ဈေးကြီးသော နာရီများ လာဘ်ယူမှု၊ မယား အများအပြားယူမှု စသည့် ပြစ်မှုများဖြင့် စုံစမ်း စစ်ဆေးလျက်ရှိသည်။
The Voice Weekly

No comments:
Post a Comment