Tuesday, July 09, 2013

အိန္ဒိယတွင် ဟိုတယ် ပြိုကျ၍ ၁၂ ဦးသေဆုံး


Tuesday, July 9, 2013

အိန္ဒိယနိုင်ငံတောင်ပိုင်း စီကန်ဒရာဘတ်မြို့တွင် ဟိုတယ် အဆောက်အအုံ တစ်ခု ပြိုကျခဲ့ရာမှ စုစုပေါင်း ၁၂ ဦး သေဆုံးသွားကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။

ပြိုကျသွားသည့် ဟိုတယ်၏ အမည်မှာ City Light ဖြစ်ပြီး ဇူလိုင် ၈ ရက်နေ့ နံနက်ပိုင်းက အဆိုပါ မတော် တဆမှု ဖြစ်ခဲ့ခြင်းဖြစ်ကာ သေဆုံးသူများအပြင် ဒဏ်ရာ ရရှိသူလည်း ၁၈ ဦးရှိကြောင်း ယင်း သတင်းအရ သိရသည်။


အပျက်အစီးပုံများ၏ အောက်တွင် လူမည်မျှ ညပ်မိနေသည်ကို အတည်ပြုနိုင်ရန် ခက်ခဲနေသေး ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အိန္ဒိယတွင် အလားတူ အဆောက်အအုံ ပြိုကျမှုများ မကြာခဏ ဖြစ်လေ့ ရှိတတ်ပြီး ဆောက်လုပ်ရေး လုပ်ကိုင်စဉ် အရည်အသွေး မကောင်းသည်ကို အပြစ်တင်ကြလေ့ရှိကြောင်း သတင်းသမားများက သုံးသပ်ကြသည်။

အထပ် နှစ်ထပ်ပါ ဟိုတယ်တွင် အလုပ် လုပ်ကိုင်သည့် ဝန်ထမ်း စုစုပေါင်း ၂၅ ဦးရှိပြီး ယင်းဟိုတယ်သည် မြို့တော် စီကန်ဒရာဘတ်၏ လူသွား လူလာ များသော နေရာတွင် တည်ရှိသည်။

မီးဖိုချောင် နံရံများ ပြိုကျရာမှ မတော်တဆမှု စတင် ဖြစ်ပွားခဲ့ကာ ဟိုတယ် ဝန်ထမ်းအချို့လည်း ပိမိပြီး သေဆုံးခဲ့ရသည်ဟု အကြီးတန်း ရဲအရာရှိ ဆာရမ်ဒါက AFP သတင်းဌာနကို ပြောကြားသည်။

“အဆောက်အအုံက တော်တော် အိုနေပြီဗျ။ နံရံတွေမှာ အက်ကြောင်းတွေ လိုက်နေပြီလို့ အနီးအနားက လူတွေက ပြောကြတယ်” ဟု မစ္စတာ ဆာရမ်ဒါက ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် လပိုင်းကလည်း မွန်ဘိုင်းတွင် အဆောက်အအုံ ပြိုကျမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး လူကိုးဦး သေဆုံး ခဲ့ရသေးသည်။

ဧပြီလအတွင်း မြို့တော် မွန်ဘိုင်းမှာပင် ဖြစ်ပွားခဲ့သည့် ပြိုကျမှုကြောင့် စုစုပေါင်း ၇၄ ဦးအထိ သေဆုံးခဲ့ သေးသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် တာဝန်ရှိသူ ကိုးဦးကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူ နှစ်ဦးနှင့် ရဲအရာရှိများ၊ မြူနီစီပယ် ဝန်ထမ်းများလည်း ပါဝင်ခဲ့သည်။

နောက်ဆုံး ဖြစ်ပွားခဲ့သည့် စီကန်ဒရာဘတ်မြို့ ဟိုတယ် ပြိုကျမှုအတွက် အရေးယူမှု တစ်စုံတစ်ရာ မတွေ့ရသေးပေ။

The Voice Weekly

No comments: