Tuesday, July 9, 2013
အီဂျစ်သမ္မတ မိုဟာမက်မော်စီကို အီဂျစ် စစ်တပ်က ဖယ်ရှားခဲ့ခြင်းကို လက်ခံပေးရန် အမေရိကန် သံတမန်များက မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ကို တိုက်တွန်းခဲ့ကြောင်း New York Times တွင် ဖော်ပြထားသည်။
အီဂျစ်သမ္မတ မော်စီကို စစ်တပ်က ရာထူးမှ ဖယ်ရှားခဲ့သည့် ကိစ္စကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အရှိန်မြှင့် လုပ်ဆောင်ရန် မွတ်ဆလင် ညီအစ်ကိုများအဖွဲ့က ကြိုးပမ်းနေသကဲ့သို့ အမေရိကန် သံတမန်များ ကလည်း မွတ်ဆလင် ညီအစ်ကိုများအဖွဲ့ကို အီဂျစ် စစ်တပ်၏ အာဏာ သိမ်းခြင်းကို လက်ခံရန် ဆွဲဆောင် စည်းရုံး လျက်ရှိကြောင်း မွတ်ဆလင် ညီအစ်ကိုများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သမ္မတမော်စီကို ရာထူးမှ မဖယ်ရှားမီ လွန်ခဲ့သော သီတင်းပတ်ကပင် အမေရိကန် သံတမန်များက မွတ် ဆလင် ညီအစ်ကိုများ အဖွဲ့ ခေါင်းဆောင် ပိုင်းနှင့် ဆက်သွယ်၍ မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့အနေ နှင့် အီဂျစ်နိုင်ငံရေး ဖြစ်စဉ်တွင် ပြန်လည် ပါဝင်ရန် ဆွဲဆောင် စည်းရုံးခဲ့ကြောင်း အမည် မဖော်လိုသော မွတ် ဆလင် ညီအစ်ကိုများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“သူတို့က စစ်တပ် အာဏာသိမ်းတာကို တရားဝင်မှုရအောင် ကျွန်တော် တို့ကို တောင်းဆိုတာပါ။ ပြည်သူက ရွေးကောက်ထားတဲ့ သမ္မတကို ဖယ်ရှားတဲ့ ကိစ္စကို လက်ခံတာဟာ အီဂျစ် ဒီမိုကရေစီ သေဆုံးသွားတာပဲ” ဟု မွတ်ဆလင် ညီအစ်ကိုများအဖွဲ့မှ အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အီဂျစ်နိုင်ငံ ကိုင်ရိုရှိ အမေရိကန်သံရုံးက တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆန် ခဲ့သည်။
ယခုအခါ အီဂျစ်တွင် စစ်တပ်က ရာထူးမှ ဖယ်ရှားခဲ့သော မော်စီ ကို ထောက်ခံသည့် မွတ်ဆလင် ညီအစ်ကို များ အဖွဲ့နှင့် မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ကို မထောက်ခံသော သမ္မတမော်စီကို လက်မခံသည့် အုပ်စု များသည် နိုင်ငံအဝန်း ဆန္ဒပြပွဲများ ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိသည်။
ထို့အတူ အီဂျစ် ကြားဖြတ်သမ္မတ အယ်လ်ဒီ မန်ဆော်အနေနှင့်လည်း ကြားဖြတ် အစိုးရဖွဲ့ရန် ဒု-သမ္မတ အဖြစ် ကုလသမဂ္ဂ အဏုမြူ အေဂျင်စီ ဥက္ကဋ္ဌဟောင်း နိုဘယ်လ်ဆုရှင် မိုဟာမက် အယ်လ်ဘာ ရာဒေးကို ရွေးချယ်ထားပြီး ကြားဖြတ် ဝန်ကြီးချုပ်အဖြစ် အီဂျစ် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အကြီးအကဲ ဟောင်းတစ်ဦးဖြစ် သူ ဇီယက်ဘဟာ အယ်လ်ဒင်း ကို ရွေးချယ်ထားသည်။
အီဂျစ် ကြားဖြတ် အစိုးရဖွဲ့ရာတွင် ဆာလာဖီဟုခေါ်သည့် အလွန်အကျွံ ရှေးရိုးစွဲများက ကုလ အဏုမြူ အေဂျင်စီ ဥက္ကဋ္ဌဟောင်းမှာ လစ်ဘရယ် ကျလွန်းသည်ဟု မြင်လျက်ရှိခြင်းကြောင့် ၎င်းကို အစိုးရ အဖွဲ့တွင် ခန့်ထားရန်မှာ အခက်အခဲ ဖြစ်လျက်ရှိသည်။
အီဂျစ် ကြားဖြတ်အစိုးရတွင် ယခုကဲ့သို့ တာဝန် အပြည့်အဝ ထမ်းဆောင်နိုင်မှု မရှိခြင်းကြောင့် တရားဥပဒေ စိုးမိုးအောင် ဆောင်ရွက်ရေး ကိစ္စများတွင် တာဝန်ယူ ဆုံးဖြတ်သည့် ပုဂ္ဂိုလ်ကင်းမဲ့နေခြင်းနှင့် ကြုံတွေ့နေ ရသည်။
တနင်္ဂနွေနေ့က အယ်လ်ဂျာဇီးယား သတင်းဌာန၏ ဗျူရို အကြီးအကဲ အဘ်ဒဲလ် ဖာတာဖာယက်ကို အီဂျစ် တရားရေးအဖွဲ့က လေးနာရီ ကြာ ခေါ်ယူ စစ်ဆေးခဲ့ခြင်းမျိုး ပြုလုပ်ခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်း တွင် ဖော်ပြထားသည်။
၎င်းကို အီဂျစ် အမျိုးသား လုံခြုံရေးကို ထိခိုက်သော သတင်းများ ထုတ်လွှင့်မှု၊ လိုင်စင်မရှိသော ဂြိုဟ်တု သတင်းလိုင်း အသုံးပြုမှုဖြင့် တရားစွဲဆိုထားသည်။
The Voice Weekly

No comments:
Post a Comment