Thursday, July 04, 2013

"မြန်မာရုပ်ရှင် လောကမှာ မရှိဖူးသေးသော ဇာတ်ကားကို ပင်ပန်းခံ ရိုက်ကူးခဲ့သူ စိုးမြတ်သူဇာ"


Thursday, 04 July 2013

မြန်မာရုပ်ရှင်လောကတွင် မရှိဖူးသေးသည့် ဇာတ်ကားတွင် ဇာတ်ဝင်ခန်း နည်းသော်လည်း ပင်ပန်းခံ ရိုက်ကူးခဲ့ကြောင်း စိုးမြတ်သူဇာ က ပြောသည်။


''လူး ရတနာသိုက်မှာ ကျွန်မ ပါဝင်ရတဲ့ဇာတ်ဝင်ခန်းက တအားနည်းတယ်။ လူး လူမျိုးစုတွေရဲ့ခေါင်းဆောင် ပေါ့။ ခေတ်တွေက ကွာတယ်။ လူး လူမျိုးဆိုတာ လူရိုင်းတွေလို လူမျိုးစုပေါ့။ ကျွန်မက ခေါင်းဆောင် ပြီးတော့ သေသွားတဲ့ အချိန်မှာ ကိုယ့်လူမျိုးတွေထဲမှာ ကိုယ်တွေကို စောင့်ရှောက်တဲ့ ခေါင်းဆောင် တစ်ယောက်ရှိ တယ်။ သူ့ကို အကုန်လွှဲပေးခဲ့လိုက်တယ်။ နင် ငါတို့ လူမျိုးစုကို ဆက်စောင့်ရှောက်ရမယ်။ ဒီလူမျိုး မျိုးဆက် မပြတ်ဖို့လည်း နင့်မှာ တာဝန်ရှိတယ်။ ရတနာသိုက်ကြီး ရှိတယ်။ အဲဒီ တိုင်းပြည်က ရွှေတွေထွက်တယ်လို့ ပြောတာပဲ။အဲဒါကိုလည်း စောင့်ရှောက်ရမယ်ဆိုပြီးသေသွားတယ်။သေတဲ့အချိန်မှာ သူ့ ကိုရွှေတွေပေါတော့
ရွှေတွေ နဲ့ အုပ်ပြီး အလောင်းကို ကျောက်ဖျာကြီးပေါ် တင်ထားတယ်။ ကျွန်မ ပါဝင် ရတဲ့ အခန်းက အဲဒီ အလောင်းကြီးပဲ ။ရွှေတွေသုတ် ပြီး ကျောက်ဖျာကြီးပေါ်မှာ အိပ်နေရုံပဲ။ အဲဒီဖျာကြီးပေါ်မှာ အိပ်နေမယ့် သက်မွန်မြင့် ကိုသွားသွားပြီး အိပ်မက်သွားပေးတယ်။ သူက အတိတ် ဘဝတစ်ခုမှာ သမီး တော်ခဲ့ဖူးတယ်။ ဘဝတစ်ခုမှာ ကျွန်မက ရွှေတိုက်ဝန်လို မိန်းမမျိုး၊ သားအမိနှစ်ယောက်၊ သူက ယောက်ျားနောက် လိုက်ပြေး လို့ လိုက်ဖမ်းရင်းနဲ့ သေသွားတာ။ အဲဒီလို ဘဝတစ်ခုမှာ သမီးတော်စပ်ခဲ့ဖူးတဲ့အတွက် သူ့လိုမျိုး မျိုးဆက် မပြတ်ဖို့အတွက်လူမျိုးတွေက တုံးတော့မယ်လေ။အဲဒါကြောင့် သူ့ကို အိပ်မက် အမြဲတမ်းလာပေးတယ်'' ဟု စိုးမြတ်သူဇာ ကပြောပြသည်။

ဒီဇာတ်ကားထဲ မှာ ဝတ်ရတဲ့ ဝတ်စုံကိုတော့ ဒီဇိုင်နာ ဆန်းဘောက်ရာက ချုပ်ပေးပြီး လူးလူမျိုးစု ဝတ်စုံနှစ်စုံ နဲ့ ရွှေတိုက်ဝန် ကတော်ဝတ်စုံကိုတော့ နန်းတွင်းက ထိုင်မသိမ်း ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ကြောင်း ဒီဇာတ် ကား ရိုက်ကူးတုန်းက တအားပင်ပန်းခဲ့ပြီး သေပြီးသွားတဲ့အချိန်မှာ မျက်နှာကို ရွှေတွေသုတ်ပြီး ရိုက်ကူးခဲ့ ရကြောင်း စိုးမြတ်သူဇာက ပြောသည်။

''မြန်မာ့ ရုပ်ရှင်မှာ ဒီလိုဇာတ်ကားမျိုး မရှိသေးဘူး။ အဲဒီဇာတ်ကားမှာ 3D တွေပါမယ်။ အန်နီမေးရှင်းတွေ အများ ကြီးပါလိမ့်မယ်။ အခုအချိန်မှာ အဲဒီလို ဇာတ်ကားမျိုးက ဘယ်သူမှ မရိုက်သေးတဲ့အတွက် ပရိသတ် စိတ်ဝင်စားမယ်လို့ ထင်တယ်။ အခုက တောကား၊ မြို့ကား၊ ဟာသကား၊ ဒရမ်မာ ဇာတ်ကားတွေပဲလေ။ သူက ကျတော့ အစုံပါတယ်။ လူရိုင်းတွေ အကြောင်းလည်းပါတယ်။ နန်းတွင်းထဲက ခေတ်ပုံသဏ္ဌာန်တွေ လည်းပါတယ်။ ဒီဘက်ခေတ် လည်းပါတယ်ဆိုတော့ ရိုက်ရတာလည်း မသက်သာဘူး။ ကိုဇော် (အရုဏ်ဦး) လည်း တအားပင်ပန်းတယ်။ ရေကြီးတာတွေ၊ ကလေးတွေ ဆယ်တာတွေ ပြီးတော့ ဆက်တင်တွေ အများ ကြီး ဆောက်ရတယ်'' ဟု ၄င်းက ဆိုသည်။

ခိုင်ဝေလွင်
Popular Journal

No comments: