Tuesday, July 30, 2013
ရုရှား ရုပ်မြင်သံကြား ဌာနအချို့က ဖမ်းဆီးရမိထားသည့် ငါးကြီးကို ကိုင်တွယ်ပြသနေသည့် သမ္မတ၏ ပုံကို ဖော်ပြခဲ့သလို ရိန်းဒီးရား သမင်ကြီးများကို လက်ဖြင့်ထိတွေ့ ပွတ်သပ်နေသည့် သမ္မတ၏ ပုံရိပ်ကိုလည်း ထုတ်လွှင့်ပြသခဲ့. . . .
ရုရှား သမ္မတ ဗလာဒီမာပူတင်သည် အပန်းဖြေ ငါးမျှားခရီးတွင် ကြီးမားထွားကျိုင်းသော ပိုက်ငါးကြီး တစ်ကောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ ရုရှား ရုပ်မြင်သံကြားဌာနအချို့က ဖမ်းဆီးရမိထားသည့် ငါးကြီးကို ကိုင်တွယ်ပြသနေသည့် သမ္မတ၏ ပုံကိုဖော်ပြခဲ့သလို ရိန်းဒီးရားသမင်ကြီးများကို လက်ဖြင့်ထိတွေ့ ပွတ်သပ်နေသည့် သမ္မတ၏ ပုံရိပ်ကိုလည်း ထုတ်လွှင့် ပြသခဲ့သည်။ ယင်းသည် ပူတင်၏ လူစွန့်စား ဆန်ဆန် ပုံရိပ်ကို ပိုမိုထင်ဟပ်အောင် မီးမောင်းထိုးပြခြင်းသဖွယ်ရှိနေသည်။ ကရင်မလင် နန်းတော်က ပူတင်သည် အဆိုပါ ငါးကြီးကို ဆိုက် ဘေးရီးယားသို့ သွားရောက်သည့် ငါးမျှားခရီးစဉ်၌ ဖမ်းဆီးရမိခဲ့ခြင်းဟု ကြေညာခဲ့သည်။
အချို့ကမူ မီဒီယာများ၏ ဂရုစိုက်မှုကို ခံရစေရန် လုပ်ဆောင်တတ်သည့် သမ္မတ၏ နောက်ဆုံးပေါ် စတန့် တစ်ခုဟု ဝေဖန်နေသည်။ ကရင်မလင်၏ အဆိုအရ ယင်းခရီးစဉ်တွင် သမ္မတ ပူတင်နှင့်အတူ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်လည်း လိုက်ပါခဲ့ကြောင်း သိရှိရသည်။ သီတင်းပတ်ကုန် ပိတ်ရက် အပန်းဖြေနေမှုတွင် ယင်းပုဂ္ဂိုလ် နှစ်ဦးလုံး အေးအေးလူလူ သက်တောင့်သက်သာ ရှိနေဟန် ဗီဒီယို မှတ်တမ်းကိုလည်း သတင်း ဌာန အချို့က ထုတ်လွှင့်ပြသခဲ့သည်။ ပူတင် ဖမ်းမိသည့် ငါးကြီးသည် (၄၆)ပေါင်မျှအလေးချိန်ရှိကြောင်း လည်း နီးစပ်သူများကဆိုသည်။
အချို့သော မှတ်တမ်း ဓာတ်ပုံများတွင် ပူတင်နှင့် မက်ဗီဒက်ဗ်တို့သည်လှေတစ်စင်းပေါ် အတူထိုင်ရင်း လက်ဖက်ရည်သောက်ကာ ပြုံးပြုံးရွှင်ရွှင် စကားပြောနေသည်ကို ဖော်ပြထားသည်။ နိုင်ငံရေး အကဲခတ် များက ကရင်မလင် အနေဖြင့် နိုင်ငံ၏ ထိပ်ဆုံးအဆင့် နိုင်ငံရေးသမား နှစ်ဦးကြား သဘောထား ကွဲလွဲမှုများ ရှိနေသည်ဆိုသော သုံးသပ်မှုများကို ယခုကဲ့သို့ နည်းလမ်းမျိုးဖြင့် တုံ့ပြန်ဖြေရှင်းခြင်း ဖြစ်နိုင်ကြောင်းလည်း မှတ်ချက်ပြုထားသည်။
Planet Myanmar Network

No comments:
Post a Comment