Tuesday, July 9, 2013
အာရှဒေသတွင် လူဦးရေ အများဆုံး နိုင်ငံကြီး နှစ်ခုဖြစ်ပြီး ဆက်ဆံရေး မပြေမလည်ဖြစ်နေသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူညီမှု ရရှိလိုက်သည် ဟု နှစ်နိုင်ငံ ထိပ်တန်း အရာရှိကြီးများ၏ ကြေညာချက်များကို The Straits Times သတင်းစာက ကိုးကား ဖော်ပြသည်။
“ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာရေးသည် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှု အတွက် အရေးကြီးသော အာမခံချက် တစ်ရပ် ဖြစ်သည်ဟူသော အချက်ကို နှစ်ဖက်စလုံးက သဘောပေါက်ကြသည်။ နှစ်နိုင်ငံ ဝန်ကြီးများသည် နှစ်နိုင်ငံ စစ်တပ် နှစ်ရပ်အကြား အပြန်အလှန် ယုံကြည်မှုနှင့် နားလည် မှု မြှင့်တင်ရန် အလေးပေးလျက် ရှိသည်” ဟု နှစ်နိုင်ငံ ပူးပေါင်း ကြေညာချက် တစ်ရပ်ကို တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြသည်။
အိန္ဒိယနှင့် တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနများမှ ခေါင်းဆောင်များသည် တရုတ်နိုင်ငံ ဘေဂျင်း မြို့တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ကာလ ကြာရှည်စွာ အငြင်းပွားခဲ့ကြကာ လတ်တလောရက်သတ္တပတ်များ အတွင်း တင်းမာမှုများကို ဖန်တီး ဖြစ်ပေါ်စေခဲ့သည့် နယ်စပ် ပြဿနာကို ဖြေရှင်းရန်လည်း သဘောတူညီခဲ့ ကြသည်။
ထို့အတူ နှစ်ဖက် စစ်တပ် နှစ်ရပ်အကြား ယုံကြည်မှု တည်ဆောက်ရေး စစ်ဘက် အငယ်တန်းနှင့် အကြီး တန်း အရာရှိများ တွေ့ဆုံကာ အမြင်ဖလှယ်မှုများ ပြုလုပ်ရန်နှင့် အငြင်းပွားနေသော ဟိမဝန္တာဒေသ၌
ဆွေးနွေးမှုများ ပြုလုပ်ရန် သဘော တူညီခဲ့ကြသည်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီသည် သုံးရက်တာ တရုတ်ပြည် ခရီးစဉ်အတွင်း ဝန်ကြီးချုပ် လီကွတ်ချောင်နှင့်လည်း တွေ့ဆုံ ခဲ့သလို တရုတ် နိုင်ငံခြားရေး မူဝါဒများ ရေးဆွဲသူ လည်းဖြစ်၊ တရုတ်-အိန္ဒိယ နယ်စပ် အရေးကိစ္စ၏ အထူး ကိုယ်စားလှယ်လည်းဖြစ်သူ ယန်ဂျီချိနှင့် လည်း တွေ့ဆုံခဲ့သည်ဟု Xinhua သတင်းက ဆိုသည်။
အိန္ဒိယနှင့် တရုတ် နှစ်ဖက်စလုံးတွင် နယ်စပ် ပြဿနာကို ဖြေရှင်းရန်နှင့် ငြိမ်းချမ်းမှုရှိပြီး တည်ငြိမ်သော ပတဝန်းကျင် ဖန်တီးရန် နိုင်ငံရေး ဆန္ဒရှိနေသည်ဟု တရုတ် ဝန်ကြီးချုပ် လီကွတ်ချောင်က အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီကို အသိပေး ပြောကြားသည်။
အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးသည် ပြီးခဲ့သည့် ဧပြီလတွင်ဖြစ်ပေါ်ခဲ့သော နယ်စပ် ပြဿနာ ကြောင့် တင်းမာခဲ့ရသည်။
ထိုကာလတွင် နှစ်ဖက်နိုင်ငံမှ တပ်ဖွဲ့ဝင်များသည် ဟိမဝန္တာတောင်တန်းပေါ်ရှိ အငြင်းပွားရာ ဧရိယာထဲသို့ ကျူးကျော် ဝင်ရောက်ခဲ့ကြသည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြသည်။
The Voice Weekly

No comments:
Post a Comment