Wednesday, 10 July 2013
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားရဲ့ မွေးနေ့ ကျင်းပရင်း တရုတ် ရဲတွေနဲ့ တိဘက်လူမျိုးတွေကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်ပရောက် တိဘက် အဖွဲ့အစည်းတွေရဲ့ အဆိုအရ တိဘက်လူမျိုးတွေ ရှိရာဒေသမှာ ဘုန်းတော်ကြီး ဒလိုင်လားမားရဲ့ မွေးနေ့ ကျင်းပနေတုန်း တရုတ်ရဲတွေက သေနတ်တွေနဲ့ ပစ်ဖောက်ခဲ့တဲ့ အတွက် တိဘက် ဘုန်းတော်ကြီး တစ်ပါးရဲ့ ခေါင်းကို သေနတ်ထိမှန်ပြီး တချို့ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံ Sichuan ပြည်နယ်မှာ ဘုန်းတော်ကြီး ဒလိုင်လားမားရဲ့ မွေးနေ့ပွဲ ကျင်းပတဲ့ အနေနဲ့ ရာနဲ့ချီတဲ့ တိဘက်ဘုန်းတော်ကြီးတွေ၊ မယ်သီလရှင်တွေ စုဝေးခဲ့ကြတယ်လို့ လည်း သိရပါတယ်။
ဒါပေမယ့် မွေးနေ့ကျင်းပပွဲမှာ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အကြောင်းတွေ၊ သေဆုံး ဒဏ်ရာရမှု တွေကို အာဏာပိုင်တွေ တရားဝင် ထုတ်ဖော်ပြောဆိုထားတာ မရှိတဲ့အတွက် အတည်ပြုနိုင်ခြင်း မရှိသေး ဘူးလို့ အေဘီစီ သတင်းထောက် Stephen McDonell က ပြောပါတယ်။
တိဘက်လူမျိုး အများစုနေထိုင်ရာ တရုတ်နိုင်ငံ အနောက်ပိုင်းမှာ မငြိမ်မသက်မှုတွေ ပိုဖြစ်လာနေပြီး မကြာ သေးခင်ကလည်း တိဘက်လူမျိုးတချို့ တရုတ်အစိုးရအပေါ် မကျေနပ်တဲ့အတွက် ကိုယ့်ကိုကိုယ်မီးရှို့ သတ်သေမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဘုန်းတော်ကြီးဒလိုင်းလာမားဟာ ဇူလိုင်လ ၆ ရက် ၁၉၃၅ ခုနှစ်မှာ မွေးဖွားပြီး ခုအခါ သက်တော် ၇၈ နှစ် ရှိပြီဖြစ်ကြောင်း သိရပါတယ်။
ABC Radio Australia

No comments:
Post a Comment