Tuesday, July 30, 2013

ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန် ထားရုံနှင့် မလုံလောက်ဘဲ လိုက်နာရန်လည်း ကြီးကြပ်ရမည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ပြောကြား


Tuesday, July 30, 2013


ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် အမိန့်များ၊ ညွှန်ကြားချက်များကို ထုတ်ပြန်ထားရုံဖြင့် မလုံလောက်ဘဲ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ ဌာနအသီးသီးက လိုက်နာရန်လည်း ကြီးကြပ်ရမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဇူလိုင် ၂၉ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၏ သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်ရေး အာဏာပိုင်များက လွှတ်တော်ကိုယ်စားလှယ်များနှင့်ပူးပေါင်းဆောင်ရွက်မှုမရှိသည့်အပေါ် မေးမြန်းမှုအား ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၏ ဖြေကြားချက်အပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သုံးသပ်ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


ပြည်ထဲရေး ဒုဝန်ကြီးက ဖြေကြားရာတွင် သက်ဆိုင်ရာခရိုင်၊ မြို့နယ် စသည်တို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များလုပ်ကိုင်နိုင်ရန် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန် နိုင်ငံတော် သမ္မတရုံးမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က အမိန့်ထုတ်ပြန်ပြီး ဖြစ်ကြောင်းပြောကြားသည်။

အမိန့်တို့၊ ညွှန်ကြားချက်တို့ဆိုတာ လိုအပ်လို့ ထုတ်ပြန်ထားတယ်။ ဒီလိုဆိုရင် ဒီအမိန့် ညွှန်ကြားချက်တွေကို သက်ဆိုင်ရာက လိုက်နာဆောင်ရွက်ဖို့၊ ကြီးကြပ်ဖို့လည်း သက်ဆိုင်ရာဝန်ကြီးဌာန၊ သက်ဆိုင်ရာဌာန အသီး သီးမှာရှိပါတယ်။ အမိန့်ထုတ်ပြီးရင် ပြီးပြီ။ ငါတို့ တာဝန်ကျေပြီလို့ ဒီလိုယူဆမယ်ဆိုရင်...

ထို့ပြင် အဆိုပါ ကော်မတီများ အနေဖြင့် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ လူမှုစီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ ၏ သဘောထားမှတ်ချက်၊ အကြံဥာဏ်များကို ရယူဆောင်ရွက်ရန်နှင့် လိုအပ်ပါက မြို့နယ်စီမံခန့်ခွဲမှု ကော် မတီအစည်းအဝေးသို့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီနှင့်အတူဖိတ်ကြားတက်ရောက် စေပြီး အကြံဥာဏ်ရယူ ဆောင်ရွက်ရန် ညွှန်ကြားပြီး ဖြစ်သည်ဟု ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ''အမိန့်တို့၊ ညွှန်ကြားချက်တို့ဆိုတာ လိုအပ် လို့ ထုတ်ပြန်ထားတယ်။ ဒီလိုဆိုရင် ဒီအမိန့် ညွှန်ကြားချက်တွေကို သက်ဆိုင်ရာက လိုက်နာဆောင်ရွက်ဖို့၊ ကြီးကြပ်ဖို့လည်း သက်ဆိုင်ရာ ၀န်ကြီးဌာန၊ သက်ဆိုင်ရာဌာန အသီးသီးမှာ ရှိပါတယ်။ အမိန့်ထုတ်ပြီးရင် ပြီးပြီ။ ငါတို့ တာဝန်ကျေပြီလို့ ဒီလိုယူဆမယ်ဆိုရင် ဘယ်လိုမှ ဖြစ်နိုင်တဲ့ အနေအထား မရှိပါဘူး။ ဒီအမိန့် အပေါ်မှာ တာဝန်ခံမှု၊ တာဝန်ခံနိုင်တာနဲ့အညီ အမိန့်အတိုင်း ဆောင်ရွက်ဖို့၊ ကြီးကြပ်ရမယ့် အဖွဲ့အစည်း များမှာလည်း တာဝန်ရှိပါတယ်'' ဟု ပြောကြားသည်။

ထို့ပြင် ပြည်ထဲရေး ဒုဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိမဲဆန္ဒ နယ်မြေအတွင်း အများ ပြည်သူနှင့်သက်ဆိုင်သည့် အစည်းအဝေး၊အခမ်းအနား၊ဖွင့်ပွဲများကို အများပြည်သူများနည်းတူ တက်ရောက် ခွင့်ရှိပါသည်ဟုလည်း ပြောကြားခဲ့ပြီး ယင်းအချက်ကိုလည်း သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များ အား အများပြည်သူနည်းတူ ဆက်ဆံဆောင်ရွက်ရန် သတ်မှတ်ထားပါက ဥပဒေနှင့် မလျော်ညီဟု ယူဆနိုင် ကြောင်း ပြောကြားသည်။

eleven media group

No comments: