Sunday, July 07, 2013

ယခုလအတွင်း တန်ဖိုးနည်း GSM လိုင်းကတ်များ ချပေးဖွယ်ရှိ

Sunday, 07 July 2013 

တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် GSM ဖုန်းလိုင်းကတ်များကို ယခုလအတွင်း WCDMA လိုင်းကတ်များနှင့် တွဲ၍ ချပေးသွားနိုင်ဖွယ်ရှိကြောင်းမြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

တန်ဖိုးနည်း CDMA 800 MHz ဖုန်းလိုင်းကတ်များကို ဧပြီလ အတွင်းက စတင် ချပေးခဲ့ပြီးနောက် မေလ အတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်
နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ''ကျွန်တော်တို့ စီစဉ်ထားတာက ပထမ CDMA 800 ချထားပေးမယ်။ ပြီးရင် GSM လိုင်းတွေ ချထား ပေးမလို့ပါ။ အခု လက်ရှိမှာက CDMA 800 လိုင်း တွေက အများကြီး ကျန် နေသေးတဲ့အတွက် GSM လိုင်းကို မချသေးတာပါ။ နောက်နှစ်လလောက်ဆိုရင် လိုင်းချောင်တဲ့ နေရာတွေမှာ GSM နဲ့ WCDMA ဖုန်းလိုင်းတွေချထားပေး မှာပါ'' ဟု ပြောကြားခဲ့သည်။

မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း MEC ဘက်မှ မိုဘိုင်းလ်ဖုန်းများ ချထားပေးရာတွင် တစ်လလျှင် အလုံးရေ သုံးသိန်းခွဲဖြင့် သုံးလ ချထားပေးမည်ဟု သဘောတူ ထားကြောင်း အဆိုပါ ဌာနမှ သိရသည်။

GSM ဖုန်းလိုင်း ကတ်များကို တစ်လလျှင်အရေအတွက် သုံးသိန်းခွဲဖြင့်ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး တွင် ရောင်းချ ပေးသွားမည် ဖြစ်ပြီး ဇူလိုင်လတွင် စတင် ရောင်းချ ပေးသွားနိုင်ရန် စီစဉ်ထားလျက် ရှိ ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။

နိုင်ငံတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး များ၌ ဖုန်းလိုင်း ကျပ်ခြင်းများ မရှိစေရန် BDS တယ်လီဖုန်း တာဝါ တိုင်ဖြင့် တိုးချဲ့ တပ်ဆင်ရမည် ဖြစ်ပြီး လက်ရှိတွင် BDS တယ်လီဖုန်း တာဝါတိုင်ပေါင်း နှစ်ထောင်ကျော် တပ်ဆင် ထားကြောင်း သိရသည်။

မြ၀တီ

No comments: