Sunday, August 11, 2013
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ကို မတရားအသင်းအဖြစ်မှ ထုတ်ပယ်ရန် အပါအဝင် ABSDF မှ တောင်းဆိုသော အချက် ၁၂ ချက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက ဆက်လက်ဆွေးနွေးရန်သဘောတူခဲ့ကြောင်း နှစ်ဖက်ခေါင်းဆောင်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
သြဂုတ် ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင် ယင်းအချက် ၁၂ ချက်ကို သဘောတူခဲ့ခြင်း ဖြစ်သည်။
အဆိုပါအချက်များ သဘောတူညီခဲ့ပါက ABSDF သည် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် ပြည်သူလူထုနှင့် လွတ်လပ်စွာဆွေးနွေးနိုင်ခွင့်၊ အစည်းအဝေး ပြုလုပ်ခွင့် စသည်တို့ ပါဝင်ကြောင်း
ABSDF ဥက္ကဋ္ဌ ဦးသံခဲက ဆိုသည်။
မတရားအသင်းမှ ပယ်ဖျက်ရန် ကိစ္စကို အစိုးရပဏာမ သဘောတူညီချက်ဖြင့်သာ လက်မှတ်ရေးထိုးထား ခြင်းဖြစ်ပြီး ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် အဆက်အသွယ် မပြတ်စေရန် ဘုရားသုံးဆူ၊ မူဆယ်၊ လွိုင်ကော် ဒေသများနှင့် ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင်လည်း ဆက်ဆံရေးရုံးချုပ်များ ဖွင့်လှစ်နိုင်ရန် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ABSDF မှ အဖွဲ့ဝင် ရဲဘော်ဦးမျိုးဝင်းက ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးမြအေး၊ ဦးကိုကိုကြီး၊ UNA ကိုယ်စားလှယ် ဦးအေးသာအောင်၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီတို့မှ အသိသက်သေအဖြစ်တက်ရောက် ခဲ့ကြသည်။
အစိုးရနှင့် ABSDF တို့သည် ၂၀၁၂ ခုနှစ်အတွင်း သုံးကြိမ်တွေ့ဆုံခဲ့ပြီး အစိုးရ ငြိမ်းချမ်းရေး နည်းပညာအဖွဲ့ နှင့် နှစ်ကြိမ် တွေ့ဆုံကာ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို သြဂုတ်လ ၅ ရက် နေ့က ရေးထိုးခဲ့သည်။
အစိုးရနှင့် ABSDF အဖွဲ့တို့သည် နိုဝင်ဘာလအတွင်း ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် သဘောတူထားသည်။
The Voice Weekly
No comments:
Post a Comment