Tuesday, August 27, 2013
ဆွန်နီ စစ်သွေးကြွ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများ နေ့စဉ် ရက်ဆက်ဆိုသလိုကြုံတွေ့နေရသော အီရတ်နိုင်ငံတွင် မြို့တော်ဘဂ္ဂဒက်နှင့်မြောက်ပိုင်းဒေသများကိုစစ်သွေးကြွများက ဦးတည်တိုက်ခိုက်ခဲ့ပေရာ သြဂုတ်လ၂၅ရက်နေ့ကတစ်ရက်တည်းတွင်စုစုပေါင်းလူ၄၈ဦး သေဆုံးခဲ့ရကြောင်းAFPသတင်းတစ်ရပ်က ဖော်ပြထားသည်။
အီရတ် ဝန်ကြီးချုပ် နူရီအယ်မာလီကီက ၎င်း၏ သူပုန် နှိမ်နင်းမှု စစ်ဆင်ရေး များကို အရှိန်မြှင့်မည်ဟု ပြောဆိုသွားခဲ့သည်။
ဝန်ကြီးချုပ်၏ စစ်သွေးကြွ နှိမ်နင်းရေး စီမံချက်များကြောင့် ရာပေါင်းများ စွာသော စစ်သွေးကြွများကို ဖမ်းမိခဲ့ပြီး ဒါဇင်ပေါင်းများစွာ သုတ်သင်နိုင်ခဲ့ သည်ဟု ယင်းသတင်းက ဖော်ပြထားသည်။
တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ၄၈ ဦး သေဆုံးခဲ့ ကာ လူပေါင်း တစ်ရာကျော် ဒဏ်ရာ ရရှိခဲ့သည်။
မြို့တော် ဘဂ္ဂဒက်တွင် ကားဗုံး နှစ်လုံးနှင့် လမ်းဘေးဗုံး တစ်လုံးတို့ ပေါက်ကွဲ ခဲ့ပြီး လူကိုးဦး သေဆုံးခဲ့ကာ ၂၂ ဦး ဒဏ်ရာ ရရှိသည်။
ဒီယာလာ၊ ဆလာဟတ်ဒင်နှင့် နီနာဗာပြည်နယ်တို့တွင်လည်း အလားတူ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ ပေရာ စုစုပေါင်း သေဆုံးသူ ဦးရေ ၄၈ ဦး အထိ ရောက်ရှိသွားခြင်း ဖြစ်သည်။
ရှီးယိုက် ကြီးစိုးသော အာဏာပိုင် အစိုးရနှင့် လုံခြုံရေး တပ်များက ဆွန်နီ အာရပ် အသိုင်းအဝိုင်းကို ကောင်းမွန်စွာ မဆက်ဆံဆိုသည့် အချက်ဖြင့် မကျေနပ်ချက်များက ၂၀၀၈ ခုနှစ်လောက်ကတည်းက ကြီးထွားနေခဲ့ရာ ယင်းပြဿနာက အကြမ်းဖက်မှုများ၏ အဓိက အရင်းအမြစ် ဖြစ်လာပြီး အီရတ် အရေး လေ့လာသူများနှင့် သံတမန်များက အီရတ် အစိုးရသည် ယင်း ပြဿနာကို ဖြေရှင်းရန် ပျက်ကွက်ခဲ့သည်ဟု ဝေဖန်ထားကြသည်။
ဒီယာလာပြည်နယ် မြို့တော် ဘာကူဘာတွင် လူထူထပ်သော ဈေးဧရိယာကို ကားဗုံး တစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ၁၁ ဦး သေဆုံးသွားပြီး ၃၄ ဦး ဒဏ်ရာ ရရှိသွားသည်။
ယင်းမြို့၌ပင် ရှီးယိုက် မင်္ဂလာဆောင် တစ်ခုကို အကြမ်းဖက်သမားများက ထပ်မံ ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ လူငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။
အီရတ်နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ယခုနှစ်အတွင်း ပိုမို များပြား လာခဲ့ပြီး AFP သတင်းဌာန က ကောက်ယူထားသော စာရင်းဇယားများအရ ၂၀၁၃ ခုနှစ် နှစ်စမှ ယခုအထိ သေဆုံးသူ စုစုပေါင်း ၃၆၀၀ ကျော်သွား ပြီ ဖြစ်သည်။
The Voice Weekly

No comments:
Post a Comment