Tuesday, August 27, 2013

ကုလသမဂ္ဂ ရုံးချုပ်ကို အမေရိကန် ထောက်လှမ်းရေး ကြားဖြတ် လျှို့ဝှက် ထောက်လှမ်းဟုဆို


Tuesday, August 27, 2013


အမေရိကန်အမျိုးသားလုံခြုံရေး အေဂျင်စီNSA ထောက်လှမ်းရေးကကုလသမဂ္ဂရုံးချုပ်၏အတွင်းပိုင်းဗီဒီယိုအစည်းအဝေး ပြုလုပ်ရာ ဌာနကိုထိုးဖောက်စောင့်ကြည့်ကာအချက်အလက်များ ရယူခဲ့ကြောင်းဂျာမန်သတင်းမဂ္ဂဇင်းDerSpiegelက ရေးသား ဖော်ပြထားသည်။


အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ ဝန်ထမ်းဟောင်း အက်ဒ်ဝပ် စနိုးဒန်က ဖွင့်ချခဲ့သည့် ထောက်လှမ်းရေး လျှို့ဝှက်ဖိုင်များနှင့် ယခု Der Spiegel က ရေးသား ထုတ်ဖော်လိုက်သည့် အမေရိကန်က စောင့်ကြည့် ကြားဖြတ် ထောက်လှမ်းမှု သတင်းတို့ ဆက်စပ်မှုများ ရှိပေသည်။

ကုလသမဂ္ဂ၏ ဗီဒီယိုရုပ်သံ တယ်လီ အစည်းအဝေး ကျင်းပသည့် စနစ်ကို အောင်မြင်စွာ ထိုးဖောက် နိုင်ခဲ့ပြီဟု အစီရင်ခံစာ ရေးသားထားမှုကို စနိုးဒန် ဖွင့်ချလိုက်သည့် NSA လျှို့ဝှက် ဖိုင်များတွင် တွေ့ရှိရကြောင်း ယင်းသတင်းက ဖော်ပြထားသည်။

သံရုံးများ၊ ကောင်စစ်ဝန် ရုံးများတွင် တပ်ဆင်ထားသော ခိုးနားထောင်သည့် စက်များကို လုံးဝ လျှို့ဝှက်ထားခြင်းဖြင့်သာ ထိခိုက်ခံရသော နိုင်ငံများနှင့် ဆက်ဆံရေး ပျက်ယွင်းခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း NSA က ပေါက်လာသည့် ဖိုင်များတွင် ဖော်ပြထားသည်ဟုလည်း ဂျာမန် မဂ္ဂဇင်းက ကိုးကားထားသေးသည်။

ဂျာမန် မဂ္ဂဇင်း၏ ဖော်ပြပါ သတင်း ဖော်ပြချက်ကို အမေရိကန် အစိုးရဘက် က တစ်စုံတရာ တုံ့ပြန် ပြောကြားခြင်း မရှိခဲ့ပေ။

တရုတ် ထောက်လှမ်းရေး အေဂျင်စီကလည်း ကုလသမဂ္ဂကို စုံစမ်း ထောက်လှမ်းမှုများ ရှိခဲ့ဖူးသည်ဟု အမေရိကန် ထောက်လှမ်းရေး အေဂျင်စီက ၎င်းတို့၏ လျှို့ဝှက် ဖိုင်များတွင် ဖော်ပြထားသည်ဟု Der Spiegel က ဆိုထားသေးသည်။

အမေရိကန် ထောက်လှမ်းရေးသည် ဝါရှင်တန်၊ ဘရပ်ဆဲလ်နှင့် ကုလသမဂ္ဂ တို့ရှိ ဥရောပသမဂ္ဂ ရုံးများတွင်လည်း ခိုး နားထောင်သည့် ကိရိယာများ တပ်ဆင်ထားသည်ဟု အဆိုပါ မဂ္ဂဇင်းက အငြင်းပွားဖွယ် ဖွင့်ချ ရေးသားခဲ့ ဖူးပေသည်။

ထို့ပြင် ဥရောပသမဂ္ဂ ရုံးများမှ ကွန်ပျူတာများကိုလည်း ထိုးဖောက် ဝင်ရောက်ကာ တယ်လီဖုန်း ခိုး နားထောင်ခြင်း၊ အီးမေးလ်များ ကြားဖြတ် ဝင်ဖတ်ခြင်းနှင့် အချက်အလက်များ ရယူခြင်းတို့ကို ပြုလုပ်နေသည် ဟုလည်း ဖော်ပြထားသည်။

ယင်းသို့ သတင်းများ ထွက်ပေါ်လာမှုကြောင့် အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမားနှင့် ဂျာမန် အဓိပတိ အိန်ဂျလာ မာကယ်တို့ တယ်လီဖုန်းဖြင့် အရေးပေါ် စကားပြောခဲ့ရပြီး အမေရိကန်-ဂျာမနီ လုံခြုံရေး အရာရှိများ ထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရသည်။

ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်နှင့် ဥရောပသမဂ္ဂ ပါလီမန် ဥက္ကဋ္ဌ မာတင်ရှော့ဇ်တို့ကလည်း ယင်းသို့ ထောက်လှမ်းခြင်းကို ဝေဖန်ခဲ့ကြ
သည်။

The Voice Weekly

No comments: