Tuesday, August 27, 2013
လွန်ခဲ့သောရက်ပိုင်းကအီဂျစ်တရားရုံးကလွှတ်မိန့် ပေးခဲ့ပြီးအကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ဖမ်းဆီးထားသောအီဂျစ်အာဏာရှင်သမ္မတဟောင်း မူဘာရက်ကို ၂၀၁၁ ခုနှစ်ကလူထုဆန္ဒပြမှုများကိုသတ်ဖြတ်ခဲ့သည့် ပြစ်မှုနှင့် ပတ်သက်၍ တနင်္ဂနွေနေ့က တရားရုံးတွင် အမှု စစ်ဆေးခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
အီဂျစ် အာဏာရှင်ဟောင်း မူဘာရက်သည် ၂၀၁၁ ခုနှစ်က လူထုဆန္ဒပြမှု များကို သတ်ဖြတ်ခဲ့မှုဖြင့် ယမန်နှစ်က ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့သော် လည်း အယူခံ ဝင်ခဲ့ပြီးနောက် အဆိုပါအမှုကို ပြန်လည် စစ်ဆေးရန် အမိန့် ချမှတ်ထားစဉ် ယခုကဲ့သို့ ပြန်လည် စစ်ဆေးနေခြင်းလည်း ဖြစ်သည်။
လွန်ခဲ့သော ရက်ပိုင်းက အကျဉ်းထောင်တွင် ဖမ်းဆီးထားသော အီဂျစ် အာဏာရှင် သမ္မတဟောင်း မူဘာရက်ကို ပြန်လွှတ်ပေးရန်နှင့် ၂၀၁၁ ခုနှစ်က ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုကို ပြန်လည် စစ်ဆေးရန် နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားခဲ့ခြင်းလည်း ဖြစ်သည်။
အသက် ၈၅ နှစ်အရွယ် ရှိပြီဖြစ်သော အီဂျစ် အာဏာရှင်ဟောင်း မူဘာရက်သည် ၂၀၁၁ ခုနှစ် လူထုဆန္ဒပြမှုများဖြင့် ဖြုတ်ချခံရပြီးနောက် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည်။
အာဏာရှင် သမ္မတဟောင်း မူဘာရက်၏ ကျန်းမာရေး အခြေအနေသည် ၎င်းဖမ်းဆီးခံထားရချိန်နှင့် တရားရုံးတွင် အမှုစစ်ဆေးမှု ခံထားရချိန် ကာလတွင် လူအများအတွက် အငြင်းပွားစရာကိစ္စ ဖြစ်လာခဲ့သည်။
အီဂျစ် သမ္မတဟောင်း မူဘာရက်သည် အာဏာ စွန့်ခဲ့ရပြီးနောက် နှလုံး ရုတ်တရက် တိုက်ခိုက်ခံ ရသည့် ဝေဒနာ ခံစားခဲ့ရပြီး တရားရုံးတွင်မူ စစ်ဆေးမှု ခံနိုင်သည့် ကျန်းမာရေး အခြေအနေ မရှိကြောင်း ၎င်းက ပြောကြားထားသည်။
၎င်းကဲ့သို့ပင် လွန်ခဲ့သော ရက်ပိုင်းက ဖမ်းဆီးခံထားရသော မွတ်ဆလင် ညီအစ်ကိုများအဖွဲ့ ခေါင်းဆောင် မိုဟာမက် ဘာဒီ၏ အမှုကိုလည်း တနင်္ဂနွေနေ့က စတင် ရုံးတင် စစ်ဆေးခဲ့ရာ မိုဟာမက် ဘာဒီမှာမူ တရာရုံးသို့ ရောက်လာခဲ့ခြင်း မရှိပေ။
၎င်းသည် မူဘာရက်ပြီးနောက် လူထု ထောက်ခံမှုဖြင့် တက်လာသော မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ဝင် တစ်ဦးဖြစ်သော အီဂျစ် သမ္မတဖြစ်သူ မိုဟာမက် မော်စီကို အီဂျစ် စစ်တပ်က ရာထူးမှ ဖယ်ရှားခဲ့ ပြီးနောက် ဖြစ်ပေါ်လာသော အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပွားစေရန် လှုံ့ဆော်မှုဖြင့် ဖမ်းဆီး ခံထားရသည်။
လွန်ခဲ့သော သီတင်းပတ်က မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့၏ စိတ်ဓာတ်ရေးရာ ခေါင်းဆောင် မိုဟာမက် ဘာဒီကိုသာမက၊ မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့၏ လှုပ်ရှားမှုများကို ထောက်ခံသော သဘောထား တင်းမာသည့် ဘာသာရေး တရားပြဆရာ Safwat Hegazy ကိုလည်း အီဂျစ်စစ်တပ်က ဖမ်းဆီးခဲ့သည်။
အီဂျစ် စစ်တပ်သည် သမ္မတ မော်စီကို ရာထူးမှ ဖယ်ရှားပြီးနောက် မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ဝင် ၁၀၀ ကျော်ကိုလည်း ဖမ်းဆီး
ထားသည်။
The Voice Weekly

No comments:
Post a Comment