Wednesday, August 21, 2013

ရှစ်လေးလုံး ဘာလဲ၊ ဘယ်လဲ


Wednesday, August 21, 2013



(စိုးအောင်)

သို့
ကိုမြတ်လှိုင်း

နေကောင်းရဲ့လားဗျ။ ပြည်ပရောက်နေတဲ့ ခင်ဗျားဆီကို ကျွန်တော့် ခံစားချက်လေးတွေ ရေးလိုက်တယ်။ ပြောချင်တာရှိမှ စာရေးတယ်လို့တော့ မအောက်မေ့ပါနဲ့။ ရှစ်လေးလုံးပွဲကတော့ ပြီးသွားပြီ။ ဘာတွေရလိုက်သလဲ။ ပြန်သုံးသပ်ဖို့ လိုတယ်။ ပြီးတော့ ဘာဆက်လုပ်မှာလဲ။ စဉ်းစားဖို့လိုတယ်။ ကိုယ်မြင်သလောက်ပြောရရင် နိုင်ငံရေးအင်အားစုတွေ စုံညီတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်။ အလွန်အားရကျေနပ်ဖွယ်ကောင်းတဲ့ ရလဒ်ပါပဲ။ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် စတာတွေကို ဆွေးနွေးခဲ့ကြတယ်။ သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အစိုးရနဲ့ ပါတီတွေက အဓိကလုပ်ရမယ့် အလုပ်လို့ ကိုယ်မြင်တယ်။ အဓိကရလိုက်တဲ့ အမြတ်ကတော့ ခေတ်အဆက်ဆက် နိုင်ငံရေးအင်အားစုတွေ စုစည်းစုံညီခွင့် ရလိုက်တာပဲ။ အားရှိလိုက်တာတော့ ပြောမနေနဲ့တော့။ ဒါပေမဲ့ ခက်နေတာတစ်ခုက အားလုံးမှာ နိုင်ငံရေးလမ်းစဉ် ပျောက်နေတာပဲ။ ပိုဆိုးတာက ငါတကော ကောနေကြတာပဲ။ ဒီပုံစံနဲ့တော့ ဒီမိုကရေစီနိုင်ငံ စစ်စစ် တစ်နိုင်ငံဖြစ်လာဖို့ဆိုတာ ဝေးသေးတယ်။


ရှစ်လေးလုံးပွဲမှာ အင်မတန်အရည်အချင်းရှိတဲ့ နိုင်ငံရေးသမား သုံးထောင်လောက် စုဝေးမိကြတယ်။ ပွဲပြီးတော့ အိမ်ပြန်သွားကြတယ်။ ဒါပဲ ပြီးပြီ။ ဘယ်လောက်နှမြောဖို့ကောင်းသလဲ။ တကယ်တမ်းဖြစ်သင့်တာက အဲဒီပုဂ္ဂိုလ်တွေ အကုန်စုစည်းပြီး နိုင်ငံကိုတည်ဆောက်ရမှာ။ ဒီရှစ်လေးလုံး ပွဲကြီးပြီးလို့ မကြာခင်မှာ ရှစ်ပူးအဖွဲ့ထဲက ပါတီထောင်လိမ့်မယ်ဆိုတာလည်း ကြားလိုက်ရတယ်။ စိတ်မကောင်းဘူး။ ရှစ်ပူးအဖွဲ့တွေပါ ပါတီထောင်ရင် မှားမယ်။ ပါတီထောင်တယ်ဆိုတာ ရှင်းရှင်းပြောရရင် အာဏာရဖို့ပဲ။ သူတို့ အာဏာရနိုင်မလား၊ မဖြစ်နိုင်ပါဘူး။ အာဏာရတော့ရော တစ်နိုင်ငံလုံးရဲ့ စိတ်ဓာတ်တွေကို လိုသလိုတည်ဆောက်နိုင်မယ် ထင်လို့လား။ အကန့် အသတ်တွေ အများကြီးရှိတယ်။

မြန်မာနိုင်ငံက ပြည်သူတွေက ပါတီဟေ့လို့ ဆိုလိုက်ရင် တစ်မျိုးမြင်ကြတယ်။NLD ဆိုတာတောင်မှ ဒေါ်စုရှိနေလို့ NLD ဖြစ်နေတာ။ ဒေါ်စုမရှိ တော့တဲ့နောက်ပိုင်း NLD ကို လူထုက ဘယ်လို သဘောထားကြမလဲဆိုတာ ကြိုတွေးကြည့်လို့ ရပါတယ်။ အဲသလိုပြောလိုက်တော့ ဦးတင်ဦးတို့၊ ဦးဝင်းတင်တို့ကို စော်ကားသလိုဖြစ်ဦးမယ်။ အထင်ကရ ပုဂ္ဂိုလ်တွေက အသက် ၈၀ ကျော် ၉၀ တွေဖြစ်ကုန်ကြပြီ။ အဲဒါကို သတိထားဖို့လိုတယ်။ ဒေါ်စုတောင်မှ ကောင်းကောင်းအလုပ်လုပ်နိုင်ရင် ၂၀၁၅ ကနေ ၂၀၂၀ အထိပဲ။ ဒေါ်စုတောင်မှ အခုလောလောဆယ်မှာ ပါတီတစ်ခြမ်း၊ အဖွဲ့ချုပ် တစ်ခြမ်း ရောသမမွှေထားရတယ်။ ကျန်းမာရေး၊ ပညာရေးအတွက် အလှူ ငွေတွေကိုတော့ လက်ခံနေရတယ်။NLD ကို တစ်ဖက်ကနေ ကျန်း/ပညာ နဲ့ ရန်ထားရတယ်။ နိုင်ငံခြားငွေဆိုရင် ပါတီက လက်ခံလို့မရဘူး။ ဒါလည်း ကန့်သတ်ချက်တစ်ခုပဲ။ အဲဒီအတွက် ရောသမမွှေထားရတာ မဆန်းပါဘူး။ ဒါကို အစိုးရကလည်း သိထားမှာပါ။ လာမယ့် ၂၀၁၅ မတိုင်မီ အဲဒီကိစ္စကို လည်း ရှင်းရလိမ့်မယ်။ မဟုတ်ရင် ရွေးကောက်ပွဲဥပဒေနဲ့ ထိပ်တိုက် တွေ့သွားလိမ့်မယ်။ ငါ့ကိုထောက်ခံတဲ့သူတွေ အများကြီးရှိတယ်။ ငါ့စိတ်က သိပ်ကြီး တယ်ဆိုပြီး အရာရာကို လျှော့တွက်ရင် အမှားကြီးမှားသွားလိမ့်မယ်။

ရှစ်လေးလုံးပွဲမှာ လူစုံတယ်။ ဖြစ်စဉ်က ပူပူနွေးနွေးပဲ ရှိသေးတယ်။ ရှစ်လေးလုံး အင်အားစုတွေကို Institution တစ်ခုထောင်စေချင်တယ်။ Political Institution တစ်ခုပေါ့။ ရှစ်ပူးတွေ ပါတီခွဲထောင်ရင် ဗျူဟာမြောက်အမှားဖြစ်မယ်။ တိုက်ပွဲကမပြီးသေးဘူး။ ပါးစပ်က ပြောနေရုံနဲ့ မပြီးဘူး။ လက်တွေ့ရပ်တည် လုပ်ဆောင်မှုက စကားပြောတယ်။ တိုက်ပွဲ မပြီးသေးတာ သေချာရင် ဆက်တိုက်ရမယ်။ ဆက်တိုက်ဖို့ ပြင်ဆင်ရမယ်။ ပါတီထောင်တာ တိုက်ပွဲဝင်တာမဟုတ်ဘူး။ ကောင်းပြီ။ ဘာကိုတိုက်မှာလဲ။ တိုက်ပွဲအခြေအနေက ပြောင်းသွားပြီ။ အခုတိုက်ရမယ့် တိုက်ပွဲက လူတွေ၊ အဖွဲ့အစည်းတွေကို မဟုတ်ဘူး။ အခြေအနေတွေကို တိုက်ရမယ့်တိုက်ပွဲ ဖြစ်သွားပြီ။ တစ်နိုင်ငံလုံးက လူတွေရဲ့စိတ်ဓာတ်တွေကို ဒီမိုကရက်တိုက် ဇေးရှင်းလုပ်ပစ်ရမယ့် တိုက်ပွဲဖြစ်သွားပြီ။ နိုင်ငံသားတွေကို တာဝန်ယူမှု ရှိပြီး ပညာရေချိန်မြင့်တဲ့သူတွေဖြစ်အောင် လုပ်ရမယ့်တိုက်ပွဲ ဖြစ်သွားပြီ။ နိုင်ငံသားတွေရဲ့ စိတ်ဓာတ်တွေကို ဓမ္မဘက်ကရပ်တည်ပြီး ဘယ်အဓမ္မတွေ ကိုမဆို ဆန့်ကျင်တိုက်ထုတ်ပစ်ရဲတဲ့ သတ္တိရှိတဲ့ သူတွေဖြစ်အောင် တိုက်ရမယ့် တိုက်ပွဲဖြစ်သွားပြီ။ စိန်ခေါ်မှုကတော့ သိပ်ကြီးမားတယ်။ အဲဒီလုပ်ငန်းတွေကို ပါတီနဲ့ တိုက်လို့မရဘူး။ Institution ကြီးတစ်ခုနဲ့ပဲ တိုက်လို့ရမယ်။ နောက်ထပ် ၂၅ နှစ်ကြာအောင် တိုက်ချင်လည်း တိုက်ရလိမ့်မယ်။ ဒီကြားထဲမှာ ဘယ်သူမှ အာဏာမလိုချင်ပါနဲ့။

ဒီ Institution ကြီးကနေ လုပ်စရာအလုပ်တွေ အများကြီးရှိတယ်။ ရှစ်လေးလုံးသမိုင်းကို ပြုစုရမယ်။ ကျောင်းပြဋ္ဌာန်းစာအုပ် တွေထဲမှာ အဆင့်လိုက် ထည့်သွင်းနိုင်အောင် လုပ်ရမယ်။ R&D အဖွဲ့ကြီးတစ်ဖွဲ့လည်း ဖွဲ့ရမယ်။ အစိုးရရဲ့လုပ်ဆောင်ချက်၊ လွှတ်တော်တွေရဲ့ လုပ်ဆောင်ချက်၊ တပ်မတော်ရဲ့ လုပ်ဆောင်ချက်၊ တရားရေးအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်၊ ပြည်ထဲရေး/ထွေအုပ်ရဲ့ လုပ်ဆောင်ချက် အစရှိတာတွေကို မှတ်တမ်းပြု လစဉ်သုံးသပ်၊ ကြေညာချက်ထုတ် စတာတွေလုပ်ရမယ်။ ဟောပြောပွဲတွေ၊ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊ Workshop တွေ လုပ်ရမယ်။ တစ်နိုင်ငံလုံးအနှံ့ စဉ်ဆက်မပြတ် နှစ်ပေါင်းများစွာ လုပ်ရမယ်။ စာအုပ်တွေ ထုတ်ရမယ်။ ကွန်ရက်တွေ ဖွဲ့ရမယ်။ နိုင်ငံတကာ Institution တွေနဲ့လည်း လက်တွဲလုပ်ရလိမ့်မယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေကို အစိုးရက လုပ်လိမ့်မယ်။ ဘယ်အစိုးရတက်တက် ကျကျနန မလုပ်ရင် အဲဒီ Institution ကနေ ပြောမယ်။

လူတွေရဲ့ပညာရေချိန် မမြင့်ရင် ဒီမိုကရေစီစစ်စစ် တည်ဆောက်လို့ မရဘူး။ လမ်းပေါ်မှာ ဆန္ဒပြခွင့်ရတာ ဒီမိုကရေစီရဲ့အကာပဲ ရှိသေးတယ်။ တကယ့်အနှစ်က ပြည်သူတွေဟာ တရားဥပဒေနဲ့အညီ ကျင့်ကြံနေထိုင် နိုင်ရမယ်။ ဓမ္မကိုပဲ လက်ခံရမယ်။ အဓမ္မကို ငြင်းပယ်ရမယ်။ မှန်ကန်တဲ့ ဥပဒေတွေနဲ့ မှန်ကန်တဲ့တရားစီရင်ရေး ရှိရမယ်။ အဲဒါကို Institution က တည်ဆောက်နိုင်ရမယ်။ အဲဒီ Institution ကို နာမည်ပေးချင်တယ်။ ‘Tetra Eight Generation Political Institution ။ အဲဒီအမည်ကို ဝေလေလေ ကောင်တွေကို ယူမသုံးစေချင်ဘူး။ အခုဟာက အချိန်ကောင်း၊ အခါကောင်း၊ အခွင့်အရေးကောင်းကို ရောက်နေပြီ။ ကွဲမထွက်စေချင်ဘူး။ ညီညီညွတ်ညွတ် လုပ်ဆောင်စေချင်တယ်။ မျိုးဆက်ဟောင်းတွေနဲ့ မျိုးဆက်သစ်တွေ အကုန် ပါစေချင်တယ်။

ကဲ ကိုမြတ်လှိုင်းရေ
ကျွန်တော့် စိတ်ကူးတွေ၊ ပြောချင်တာတွေ တောက်လျှောက် ရေးချလိုက်လို့ ဖတ်ရတာ အာရုံနောက်သွားပြီလား။ ခင်ဗျားလည်း စဉ်းစားပြီး စာပြန်ပါဦး။ စာလည်း အတော်ရှည်သွားပြီမို့ နားဦးမယ်ဗျာ။ ကျန်းမာရေးဂရုစိုက်ပါ။

ခင်ဗျားရဲ့
စိုးအောင်
The Voice Weekly

No comments: