Wednesday, August 21, 2013
မြန်မာဆန်တစ်အိတ် ကျပ် ၆၀၀ ခန့် တရုတ် ဈေးတိုးပေး
Wednesday, August 21, 2013
တရုတ်နိုင်ငံသို့ ဗီယက်နမ်ဆန် ဝင်ရောက်မှုရပ်၍ မြန်မာဆန်ကို တစ်အိတ် ကျပ် ၆၀၀ ခန့် ဈေးတိုးပေး၍ တရုတ်ဘက်က ဝယ်ယူလာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (မူဆယ်) ၏ ဒုတိယ ဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောကြားသည်။
မူဆယ်ဆန်ဈေးကွက်တွင် သြဂုတ် ၁၅ ရက်နေ့က ဆန်တစ်အိတ်လျှင် ၁၃၇ ယွမ် ဖြင့် ဝယ်ယူရာမှ သြဂုတ်လ ၁၈ ရက်နေ့ တွင် တစ်အိတ်လျှင် ၁၄၁ ယွမ် ဖြင့် ဆန်တစ်အိတ်လျှင် မြန်မာငွေကျပ် ၆၀၀ ခန့် ဈေးပိုရလာကြောင်း မူဆယ်ဆန် ဈေးကွက်အတွင်းမှ သိရသည်။
ယင်းသို့ တရုတ်ကုန်သည်များက ဆန်ပေါက်ဈေးကို တိုးမြှင့်ပေးလာခြင်းကြောင့် မြန်မာဆန် လှောင်လက်ကုန်သည်ကြီးများ ဆန်ထုတ်ရောင်းလာကြောင်း ဦးချမ်းသာဦးက ဆိုသည်။
သြဂုတ်လ ဒုတိယပတ်အတွင်းက မူဆယ်ဆန်ဈေးကွက်သို့ တစ်ရက်လျှင် ဆန်အိတ် ၆၀၀ ခန့်သာ ဝင်ရောက်ခဲ့ရာမှ ယခုရက်ပိုင်းအတွင်း တစ်ရက်လျှင် ပျမ်းမျှ ဆန်အိတ် ၁၀၀၀ ကျော်ခန့် ဝင်ရောက်လျက် ရှိကြောင်း အဆိုပါ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (မူဆယ်) ထံမှ သိရသည်။
မိုးရာသီဖြစ်ပြီး ပြည်ပပို့ ဆန်ဈေးကွက်တွင် သင်္ဘောတင် ရပ်နားထားခြင်းကြောင့် နယ်စပ်မှတစ်ဆင့် ဆန်တင်ပို့မှု များလာခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံ ဆန်ကုန်သည် အချို့က သုံးသပ်ကြသည်။
တရုတ်နိုင်ငံသည် မြန်မာ့ဆန်ကြမ်းဖြစ်သော ငစိန်ကို မုန့်လုပ်ရာတွင် အသုံးပြု ရန်နှင့် ဆန်ကျိုး ၃၅ ရာခိုင်နှုန်းပါဝင်သော ဧည့်မထဆန်များကို အရက်ချက်ရန် အတွက် အဓိကဝယ်ယူခြင်း ဖြစ်ကြောင်း မူဆယ် ဆန်ကုန်သည်များက ပြောကြားသည်။
တရုတ်သို့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်မှဆန်တန်ချိန် ၁ ဒသမ ၅ သန်းတင်ပို့ရန် မျှော်မှန်းထားပြီး ဘဏ္ဍာနှစ်အစ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ဆန်တန်ချိန် ၉၈၀၀၀ ခန့်တင်ပို့ပြီးဖြစ်ကြောင်း ဆန်စပါး အသင်း (မူဆယ်) ထံမှ သိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment