Monday, August 19, 2013

မြန်မာ့ဂီတနဲ့ မြန်မာ့ဓလေ့ကို မြတ်နိုးတဲ့ အမေရိကန် စန္ဒရားပညာရှင်


Monday, August 19, 2013

အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်၏ ဇာတ်ကသက် နှစ်ရှစ်ဆယ်ပြည့် အထိမ်းအမှတ် အလင်္ကာ အလွမ်းမှတ်တမ်း ဖျော်ဖြေပွဲကျင်းပရာ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံထဲတွင် ဇာတ်သဘင် ကို ချစ်မြတ် နိုးသူ ပရိသတ်များနှင့် ပြည့်နှက်လျက် ရှိသည်။ သူတို့၏အာရုံကို စင်မြင့်ပေါ်တွင် ရွှေမန်း ဦးတင်မောင် ၏ နာမည်ကျော်ကြားခဲ့သော တေးတစ်ပုဒ်ကို ၎င်း၏သားဖြစ်သူ ဦးဝင်းမောင်၏ သီဆိုမှုနှင့်အပြိုင် မြန်မာ စန္ဒရားကို စည်းချက်ကျကျ အပေးအယူမျှမျှနှင့် လက်စွမ်းပြ တီးခတ်နေသော နိုင်ငံခြားသူ အမျိုးသမီးတစ်ယောက်၏လက်စွမ်းက ညှို့ယူထားသည်။ ထိုသူကား မြန်မာ့ဂီတနယ်ပယ်နှင့်ရင်းနှီးသူ၊ မြန်မာပရိသတ် များက ရင်းနှီးကျွမ်းဝင်နေသူ၊ မြန်မာ့ဂီတကို ချစ်မြတ်နိုးသူ၊ မြန်မာနိုင်ငံရှိ ဂီတဝါသနာရှင်များအတွက် ‘ဂီတမိတ်’ ဂီတသင်တန်းကျောင်းကို ဦးဆောင် တည်ထောင်ပေးခဲ့သူ အမေရိကန်နိုင်ငံသူ စန္ဒရားပညာရှင် Kit Young ဖြစ်သည်။

မြန်မာ့ဂီတနဲ့ မြန်မာ့ဓလေ့ကို မြတ်နိုးတယ်


ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာအသွင် ဆောင်လာသည်နှင့်အမျှ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေး မှုချင်း ကူးလူးယှက်သွယ်မှု မြန်ဆန်လာသော ယနေ့ခေတ်အခါတွင် လူငယ်တော်တော်များများက အနောက်တိုင်းဂီတနှင့် ဝတ်စားဆင်ယင်မှုများကို ခုံမင်နှစ်သက်စွာ အတုခိုး ဝတ်ဆင်နေကြသော်လည်း အမေရိကန်နိုင်ငံသူ စန္ဒရားဆရာမ Kit Young ကတော့ မြန်မာ့ဂီတနှင့် မြန်မာဓလေ့ကို မြတ်နိုးသည်ဟု ဆိုသည်။ သူမသည် New England Conservatory ၏ Bennington College၊ University of Michigan နှင့် Peabody Conservatory တို့တွင် ဂီတပညာများ ဆည်းပူးခဲ့သူလည်း ဖြစ်သည်။

မြန်မာ့ဂီတ အပါအဝင် အာရှဒေသနိုင်ငံများ၏ ဂီတကို သူမငယ်စဉ် ကလေးဘဝ ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့ ရစဉ်ကတည်းက စိတ်ဝင်စားခဲ့သည်ဟု သူမကပြောပြသည်။ မြန်မာ့ဂီတနှင့် အနောက်တိုင်းဂီတ၊ မြန်မာ့ ဂီတနှင့် ထိုင်းရိုးရာဂီတ၊ ခေတ်ဆန်းဂီတနှင့် ခေတ်ဟောင်းဂီတ စသည်ဖြင့် ဂီတအမျိုးအစား တစ်ခုနှင့်တစ်ခု ကို တွဲဖက် ပေါင်းစပ်ကြည့်ရန် ထိုစဉ်ကတည်းက သူမက ဆန္ဒရှိခဲ့ဖူးသည်။

မြန်မာ့ဂီတကို စန္ဒရားနှင့်တီးခတ်မှု ပေါ်ပေါက်လာပုံ သမိုင်းကို ၁၉၈၇ ခုနှစ်ကတည်းက လေ့လာခဲ့ဖူးပြီး တေးရေးနှင့် စန္ဒရားဆရာ ဂီတလုလင်မောင်ကိုကိုထံတွင်လည်း မြန်မာစန္ဒရား တီးခတ်နည်းကို သူမ လာရောက် သင်ယူခဲ့ဖူးသည်။

မြန်မာ့ဂီတ တီးခတ်မှု၊ သရုပ်ပြပွဲကို ၁၉၉၁ ခုနှစ်၌ New York Metropolitan Museum and Symphony Space တွင် သူမတင်ဆက်ခဲ့ဖူးပြီး ထိုသို့တင်ဆက်မှုကို မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ VOA ရေဒီယို အသံလွှင့် အစီအစဉ်မှနေ၍ ထုတ်လွှင့်ခဲ့ဖူးသည်။

နိုင်ငံရေးမလုပ်ဘူး

မြန်မာ့ဂီတနှင့် မြန်မာ့ဓလေ့ကို ချစ်မြတ်နိုးသော သူမက မြန်မာနိုင်ငံရှိ ဂီတဝါသနာရှင်များအတွက် ယနေ့တိုင် အထောက်အကူ ပြုပေးနေသည့် ‘ဂီတမိတ်’ (Gitameit Music Center) အမည်ရှိ ဂီတ သင်တန်းကျောင်းတစ်ခုကို အခက်အခဲများစွာကြားမှ တည်ထောင်ပေးခဲ့သည်။

ထိုသင်တန်းကျောင်းကို စတင်တည်ထောင်ဖြစ်ခဲ့ပုံမှာ အမေရိကန်သံရုံးဝန်ထမ်း တာဝန်ဖြင့် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာသော ခင်ပွန်းဖြစ်သူနှင့်အတူ လိုက်ပါလာရင်း ထိုင်းနိုင်ငံတွင် ရင်းနှီးခင်မင်ခဲ့ရသော ဦးမိုးနိုင် နှင့် တွေ့ဆုံခိုက် မြန်မာနိုင်ငံတွင် ဂီတသင်တန်းကျောင်း တစ်ခုဖွင့်ရန် အကူအညီတောင်းသည့်အတွက် စတင်ခဲ့ခြင်း ဖြစ်သည်ဟု သူမကဆိုသည်။

ဂီတမိတ် သင်တန်းကျောင်းကို တည်ထောင်ရန် စိတ်ကူးပြီးနောက်တွင် သူမပထမဆုံး ကြုံတွေ့ခဲ့ရသော အခက်အခဲများမှာ ငွေကြေးနှင့် သင်တန်းခန်းမအဖြစ် အသုံးပြုရန် နေရာရရှိဖို့ အခက်အခဲများ ဖြစ်သည်။ သင်တန်းကျောင်းအတွက် လိုအပ်သော စာအုပ်စာတမ်းများနှင့် သင်ကြားရေးတွင် အသုံးပြုရန် စန္ဒရား တစ်လုံးကို သူမကိုယ်ပိုင်ငွေကြေးအချို့ဖြင့် စိုက်ထုတ် သုံးစွဲဝယ်ယူခဲ့ရသည်။ သင်တန်းခန်းမအဖြစ် အသုံးပြု ရန်နေရာအတွက် တာမွေမြို့နယ်ရှိ နှစ်ထပ်တိုက်တစ်လုံးကို သူမ၏ သူငယ်ချင်းတစ်ဦးကအကူအညီပေး ခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စုမှ အဖွဲ့အစည်းတစ်ခုနှင့် အလှူရှင်များ၏ ထောက်ပံ့ငွေ ကြောင့်ရော သင်တန်းသို့ လာရောက်သင်ကြားသည့်သင်တန်းသားများထံမှကောက်ခံရရှိသောသင်တန်း ကြေးများကြောင့်ပါ တဖြည်းဖြည်းနှင့် ပုံမှန်လည်ပတ်လာနိုင်ခဲ့သည်ဟု သူမကပြောပြသည်။

အစကနဦးပိုင်းကာလများတွင် ဂီတမိတ်သင်တန်းကျောင်း၌ Classical၊ Jazz၊ Rock စသော အနောက် တိုင်းဂီတ အမျိုးအစားများအပြင် မြန်မာ့ဂီတ၊ အဆို၊ အတီးပိုင်းနှင့်ပတ်သက်၍ စန္ဒရားဆရာ ဦးသန်းအေးနှင့် အဆိုပညာရှင် ဒေါ်နီလာတို့က သင်ကြားပေးခဲ့သည်။ မြန်မာနိုင်ငံရှိ သင်တန်းသားအများစုမှာ မြန်မာ့ဂီတ ထက် အနောက်တိုင်းဂီတကို ပိုမိုစိတ်ဝင်စားကြသည်ဟု သူမက ပြောပြသည်။

ဂီတမိတ် သင်တန်းကျောင်းကို စတင်တည်ထောင်စကာလဖြစ်သော ၂၀၀၄ ခုနှစ်တွင် မြန်မာနိုင်ငံနိုင်ငံရေး မှာ ယခုကာလကဲ့သို့ ပြောင်းလဲမှု မရှိသေးသည့်အတွက် မြန်မာအစိုးရပိုင်းက သူမအပေါ် စောင့်ကြည့်လေ့ လာမှုများ ပြုလုပ်ခဲ့သည်ဟု သူမကပြောပြသည်။ “အစပိုင်းတော့ မြန်မာအစိုးရကကျွန်မကို သိပ်မယုံကြည် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက အမေရိကန်နိုင်ငံသူ ဖြစ်နေတာကိုး။ တစ်နှစ်ပြီးတစ်နှစ် ကြာလာတဲ့ အခါမှာတော့ ကျွန်မက စန္ဒရားသင်တဲ့ ဆရာမအလုပ်ပဲလုပ်တယ်၊ နိုင်ငံရေးမလုပ်ဘူးဆိုတာ သူတို့နားလည် သွားတယ်” ဟု သူမကဆိုသည်။

ဆယ်နှစ်သားဂီတမိတ်

ဂီတမိတ် သင်တန်းကျောင်းတွင် ၂၀၀၆ ခုနှစ်အထိ စန္ဒရားဆရာမအဖြစ် သင်ကြားပေးခဲ့ပြီးနောက် အမေရိကန်သံရုံး ဝန်ထမ်းတစ်ဦးဖြစ်သော ခင်ပွန်းဖြစ်သူ၏ အလုပ်နေရာ ပြောင်းရွှေ့မှုကြောင့် မြန်မာနိုင်ငံမှ သူမပြန်လည် ထွက်ခွာခဲ့ရသည်။ သူမ၏မိသားစုဘဝနှင့် ပတ်သက်၍လည်း ယခုအခါ သူမ၏ ခင်ပွန်းဖြစ် သူမှာ သံရုံးဝန်ထမ်းရာထူးမှ အငြိမ်းစားယူပြီး ပန်းချီကားများ ရေးဆွဲနေသလို တစ်ဦးတည်းသော သားဖြစ် သူမှာ မရိန်းစစ်သားတစ်ဦးဖြစ်ပြီး လာမည့် စက်တင်ဘာလတွင် အာဖဂန်နစ္စတန်သို့ သွားရောက်တာဝန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း သူမက ပြောပြသည်။

မြန်မာနိုင်ငံမှ ထွက်ခွာလာပြီးနောက် လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုမြို့တော် Washington D.C & Sd Washington International School (WIS) တွင် စန္ဒရားဆရာမအဖြစ် အသက်မွေးဝမ်း ကျောင်း ပြုလျက်ရှိသည်ဟု သူမကပြောပြသည်။ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေရသော်လည်း ဂီတမိတ် သင်တန်းကျောင်းရှိ တပည့်များနှင့် Online တွင် အမြဲ အဆက်အသွယ်ရှိသလိုလာမည့်ဒီဇင်ဘာ လတွင် ပြုလုပ်မည့် ‘ဂီတမိတ်’ သင်တန်းကျောင်း ဆယ်နှစ် ပြည့် အမှတ်တရပွဲအတွက်လည်း လာရောက်ဦး မည်ဖြစ်ကြောင်း သူမက ဆိုသည်။

ဂီတမိတ် သင်တန်းကျောင်းရှိ သင်တန်းဆရာများ၊ သင်တန်းသားများနှင့် ပတ်သက်သော သူမ၏အမြင် ကိုလည်း “ဒီမှာက အထောက်အပံ့ သိပ်မရှိဘူး။ ဂီတနဲ့ပတ်သက်လို့ စာကြည့်တိုက် မရှိဘူး။ Symphony မရှိဘူး။ ဒီကြားထဲက ဒီအခြေအနေထိ ရောက်အောင် အားလုံးကို ကိုယ့်အားကိုယ်ကိုးပြီး တည်ထောင်နိုင် ကြတယ်။ တရုတ်ပြည်နဲ့ မလေးရှားက ကလေးတွေကိုလည်း ကျွန်မ ဂီတသင်ဖူးတယ်။ ဒါပေမဲ့ ဒီက ကလေးတွေက ပိုပြီးကြိုးစားကြတယ်” ဟု ပြောပြသည်။

၂၀၀၄ ခုနှစ်က စတင်တည်ထောင်ခဲ့သော “ဂီတမိတ’ သင်တန်းကျောင်းမှာ ယခုအခါတွင် Classical၊ Jazz၊ Rock၊ Pop၊ Comtemporary စသော အနောက်တိုင်း ဂီတများနှင့် မြန်မာ့ရိုးရာ ကျေးလက်ဂီတ များကို သင်ကြားပေးနေသော ဂီတသင်တန်းကျောင်း တစ်ခုအဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုရှိပြီ ဖြစ်သည်။ ဂီတမိတ် သင်တန်းကျောင်းကို စတင်သန္ဓေတည် မွေးဖွားပေးခဲ့သူမှာ သူမဖြစ်သော်လည်း ဆယ်နှစ်တာကာလအထိ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့သည်မှာ မြန်မာနိုင်ငံရှိ သင်တန်းဆရာများ၏ ကြိုးစားမှုက အဓိကကျသည်ဟု သူမကဆိုသည်။

ဂီတပြီးတော့သဘင်

သူချစ်ခင်မြတ်နိုးသော မြန်မာ့ဂီတအတွက် သူမ၏ ရည်မှန်းချက်များနှင့်မြန်မာ့ဇာတ်သဘင်လောက မြင့်မားတိုးတက်ရေးအတွက် လုပ်ဆောင်သွားမည့် အရာများကို သူမက အောက်ပါအတိုင်း ဖွင့်ဟသည်။
“ဂီတမိတ်က အောင်မြင်နေပြီ ဆိုပေမယ့် တစ်နေ့မှာ သင်တန်းကျောင်း အဆင့်ကနေ Conservatory (အနု ပညာကောလိပ်) အဆင့်အထိရောက်အောင် မြှင့်တင်ပေးဖို့ ကျွန်မ ရည်မှန်းထားတယ်။ နောက်တစ်ခုက
မြန်မာ့ဇာတ်သဘင်ကို ထိန်းသိမ်းနိုင်ဖို့ အမေရိကန် အစိုးရဆီမှာ Project တစ်ခု အနေနဲ့ပေးဖို့ တောင်းဆို ထားတယ်။ လောလောဆယ်တော့ ဇာတ်သဘင်နဲ့ ပတ်သက်ပြီး အားလုံးလေ့လာလို့ရတဲ့ Website တစ်ခု လုပ်နိုင်ဖို့ ကြိုးစားသွားမယ်။ ဇာတ်သဘင်လောကနဲ့ ပတ်သက်ပြီး ကျွန်မတတ်နိုင်တဲ့ဘက်က ကူညီသွား မယ်”

(သန့်ဇင်ဦး)
The Voice Weekly

No comments: