Monday, August 19, 2013
ဘယ်လာရုစ် (Belarus) နိုင်ငံ မင့်စ် (Minsk) မြို့တွင် စက်တင်ဘာလ ၆ ရက်နေ့၌ ကျင်းပမည့် Miss Supranational ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် ခင်ဝင့်ဝါနှင့် တွေ့ဆုံပြီး ပြိုင်ပွဲ ယှဉ်ပြိုင်ဖြစ်ပုံ၊ လေ့ကျင့်ပြင်ဆင်မှုများ အကြောင်းနှင့် Miss တစ်ယောက်၏ အရည်အချင်းများအပေါ် သူ၏အမြင်ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။ ယခုအခါ ယင်းနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။
Voice ။ ။ Miss Supranational ပြိုင်ပွဲကို ဘယ်လိုကြောင့် ပြိုင်ဖြစ်သွားတာလဲ။
K.W.W ။ ။ ။ ဒီပွဲလေးကို ပြိုင်ဖြစ်သွားတာကတော့ ပြိုင်ပွဲဝင်ခွင့်ဖောင်မှာပါတဲ့ ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်၊ စည်းကမ်းချက်တွေကိုတွေ့ပြီး သဘောကျတာနဲ့ ပြိုင်ဖြစ်သွားတာပါ။
Voice ။ ။ ပထမတော့ ဒီပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု Miss ကို ပြိုင်ပွဲ ကျင်းပပြီး ရွေးမယ်လို့ ပွဲစီစဉ်သူတွေက ပြောခဲ့ဖူးတယ်။ အခုကျတော့ ပြိုင်ပွဲဝင်ဖို့ လာရောက် လျှောက်ထားတဲ့သူတွေရဲ့ လျှောက်လွှာကိုပဲကြည့်ပြီး ရွေးလိုက်တဲ့အပေါ် Facebook ပေါ်မှာ ဝေဖန်နေကြတာလည်း ရှိတယ်လေ။ ဒီလိုဝေဖန်မှုတွေ အပေါ် ခင်ဝင့်ဝါ ဘာပြောချင်လဲ။
K.W.W ။ ။ ။ ညီမအနေနဲ့ ဒီလိုဝေဖန်မှုတွေအပေါ် ဘာမှတော့ မပြောချင်ပါဘူး။ ပြိုင်ပွဲမလုပ်ဘဲ ညီမကို ရွေးလိုက်တဲ့အပေါ် ဝေဖန်မှုတွေ ထွက်လာတာကိုလည်း ကြားပါတယ်။ ဒါကတော့ သူတို့အမြင်နဲ့သူတို့
ပြောကြတာပေါ့။ ဒီလို အရွေးချယ်ခံရဖို့ ဘယ်လောက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလဲဆိုတာ ညီမကိုယ်တိုင်ပဲ သိပါတယ်။
Voice ။ ။ အရင်တုန်းက ခင်ဝင့်ဝါက မော်ဒယ်လ်လောကမှာ လှုပ်ရှားခဲ့ဖူးသေးတယ် ထင်တယ်နော်။ အဲဒီအကြောင်းလေး ပြောပြပေးပါဦး။
K.W.W ။ ။ ဟုတ်ကဲ့။ ညီမ မော်ဒယ်လ် လောကမှာ ပြိုင်ပွဲတွေလည်း ပြိုင်ခဲ့ဖူးတယ်။ ဖက်ရှင်ရှိုးတွေလည်း လျှောက်ခဲ့ဖူးပါတယ်။ ဆုတွေကတော့ Miss Cotto မှာ 2nd Runner up ဆုနဲ့ Best Smile ဆုတွေ ရခဲ့ဖူးပါတယ်။
Voice ။ ။ ခင်ဝင့်ဝါရဲ့အသက်နဲ့ ပညာအရည်အချင်းလေး ပြောပြပေးပါဦး။
K.W.W ။ ။ ညီမအသက်က ၁၈ နှစ် ပြည့်ပြီးပါပြီ။ ပညာအရည်အချင်းကတော့ တတိယနှစ်၊ ရုက္ခဗေဒ ဘာသာရပ်နဲ့ အဝေးသင် တက်နေပါတယ်။
Voice ။ ။ ဒီပြိုင်ပွဲအတွက် ဘာသာစကားပိုင်းကိုရော ခင်ဝင့်ဝါ ဘယ်လိုပြင်ဆင်ထားသလဲ။
K.W.W ။ ။ ပြိုင်ပွဲရဲ့ စည်းကမ်းချက်တွေထဲမှာတော့ အင်္ဂလိပ် ဘာသာစကားကို Fluent ဖြစ်အောင် ပြောတတ်စရာမလိုဘူးလို့ ရေးထားပါတယ်။ အများနားလည်နိုင်မယ့် Common English လောက်တော့ ညီမပြောတတ်ပါတယ်။
Voice ။ ။ ပြိုင်ပွဲအတွက် ခင်ဝင့်ဝါ Training တွေ ဆင်းခဲ့ရတယ်လို့ သိထားတယ်။ Training ကာလမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။
K.W.W ။ ။ ဒီပြိုင်ပွဲအတွက် ညီမမှာ လေ့ကျင့်ပြင်ဆင်ချိန် အရမ်းနည်းပါတယ်။ Training က မနက် ၈ နာရီ ကနေ ည ၈ နာရီအထိ လုပ်ရတယ်။ တစ်ခါတလေ ၁၀ နာရီ အထိတောင် လုပ်ရပါတယ်။ အရမ်းလည်း ပင်ပန်းပါတယ်။ ဒါပေမဲ့ နိုင်ငံကို ကိုယ်စားပြုပြီး သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ပင်ပန်းမှုတွေ၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး ညီမကြိုးစား ခဲ့ပါတယ်။
Voice ။ ။ Training ကာလမှာရော ဘာတွေ လေ့လာခဲ့ရလဲ။
K.W.W ။ ။ Training ကာလမှာ ညီမ အကတိုက်ရတယ်။ Gym နေ့တိုင်း ကစားရတယ်။ Cat Walk တွေ လေ့ကျင့်ရတယ်။ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အလှအပဆိုင်ရာ ဗဟုသုတတွေကို အချိန်ပေးပြီး လေ့လာရပါတယ်။
Voice ။ ။ ဒီ Miss Supranational ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ရွေးချယ်ပေးတဲ့ အဖွဲ့အစည်းနဲ့ရော စာချုပ်တွေဘာတွေ ရှိပါသလား။
K.W.W ။ ။ ဟုတ်ကဲ့။ ညီမစာချုပ်တစ်နှစ် ချုပ်ထားပါတယ်။ စာချုပ်ဆိုပေမယ့် အရမ်းကြီး ချုပ်ချယ်ကန့်သတ် ထားတာမျိုး မပါပါဘူး။ Family Type ပုံစံ လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်ခွင့် ပေးထားပါတယ်။
Voice ။ ။ ဘယ်လာရုစ်နိုင်ငံကိုရော ခင်ဝင့်ဝါနဲ့အတူ ဘယ်သူတွေ လိုက်ပါဦးမလဲ။
K.W.W ။ ။ ညီမတစ်ယောက်တည်း သွားမှာပါရှင်။ ဒီကနေညီမ သြဂုတ်လ ၁၅ ရက်နေ့ထွက်မယ်။ ဟိုကို ရောက်တာနဲ့ သူတို့လာကြိုကြမယ်။ ပြီးရင်ပြိုင်ပွဲအတွက် Camp ဝင်ပြီး လေ့ကျင့်ရမယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ စက်တင်ဘာလ ၆ ရက်နေ့မှာ လုပ်မယ်။ ဒီ Final ပြိုင်ပွဲမတိုင်မီ Talent Show ပြရတဲ့ ပြိုင်ပွဲသေးသေးလေးတွေ ရှိသေးတယ်။ မြန်မာနိုင်ငံမှာ ဒီပွဲကို တာဝန်ယူပြီး ကျင်းပပေးတဲ့ Organization က အစ်ကိုတွေက Final ပြိုင်ပွဲမစခင် တစ်ပတ်အလိုမှာ လိုက်လာကြမှာပါ။
Voice ။ ။ Miss Supranational ပြိုင်ပွဲမှာက ပြည်တွင်း ပြိုင်ပွဲတွေနဲ့မတူဘဲ နိုင်ငံတကာက အလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ ဒီပြိုင်ပွဲအပေါ် ခင်ဝင့်ဝါရဲ့ ခံစားမှုကို သိပါရစေ။
K.W.W ။ ။ ဒီပြိုင်ပွဲမှာက နိုင်ငံအသီးအသီးက အလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ ညီမပြိုင်နေကျ ပြည် တွင်း ပြိုင်ပွဲတွေနဲ့ မတူဘဲ ပိုပြီးတော့ ခက်ခဲလိမ့်မယ်လို့ ထင်တယ်။ တော်တော်လေးလည်း ကြိုးစားရမယ်။ ပြည်တွင်း ပြိုင်ပွဲတွေက မခက်ခဲဘူးတော့ မဟုတ်ဘူးပေါ့နော်။ ဒီပွဲကတော့ နိုင်ငံတကာအဆင့် ပြိုင်ပွဲ ဖြစ်တဲ့အတွက် ပိုပြီးကြိုးစား ယှဉ်ပြိုင်ရမယ်လို့ ထင်ပါတယ်။
Voice ။ ။ နိုင်ငံတကာမှာ ကျင်းပတဲ့ Miss ပြိုင်ပွဲတွေရော ကြည့်ဖူးလား။
K.W.W ။ ။ ညီမ ငယ်ငယ်တုန်းကတော့ မကြည့်ဖူးပါဘူး။ ဒါပေမဲ့ ဒီအလုပ်ကို ကိုယ်က ဝါသနာပါတဲ့ အချိန် မှာ စကြည့်ဖြစ်တာပေါ့နော်။ ကြည့်ပြီးတဲ့ အခါမှာလည်း အရမ်းသဘောကျတယ်။ Miss ဆိုတာက နိုင်ငံ တစ်နိုင်ငံရဲ့ အမျိုးသမီးထုကို ကိုယ်စားပြုသလို သူလုပ်သမျှကလည်း အမျိုးသမီး ထုကို ပုံရိပ်ထင်တယ်လေ။ နိုင်ငံတစ်နိုင်ငံက အမျိုးသမီးထုရဲ့ စံပြထားခြင်းခံရတဲ့ Miss တစ်ယောက် ညီမလည်း ဖြစ်ချင်ခဲ့ပါတယ်။
Voice ။ ။ Miss တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေကရော ဘာတွေလို့ ခင်ဝင့်ဝါထင်လဲ။
K.W.W ။ ။ Miss ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ Public Figure ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပုံရိပ်ဖြစ်တဲ့ အတွက် လူမှုရေးပိုင်း၊ အကျင့်စာရိတ္တ ပိုင်းတွေမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ နေသင့်ပြီး နိုင်ငံ့အကျိုးကိုလည်း
ကိုယ်တတ်နိုင်သမျှ လုပ်ဆောင်ပေးသင့်တယ်လို့ ထင်ပါတယ်။
Voice ။ ။ ကျောင်းတက်နေဆဲဆိုတော့ ကျောင်းနဲ့ရော ဘယ်လိုနားလည်မှု ယူထားလဲ။
K.W.W ။ ။ ဒီပြိုင်ပွဲအတွက် ကျောင်းမှာ ပါမောက္ခကို သွားပြောပြီး ခွင့်ရက်ရှည် ပေးပါဆိုပြီး ခွင့်ယူထားပါ တယ်။ ပြန်လာရင်တော့ စာမေးပွဲ ဖြေရမှာပေါ့နော်။
Voice ။ ။ အခုဆို မော်ဒယ်လ်လောကမှာက မော်ဒယ်လ်တွေအတွက် နိုင်ငံတကာ ပြိုင်ပွဲတွေကို သွားပြိုင်ဖို့ အထိ အခွင့်အရေးတွေ ရလာပြီလေ။ ဒီလိုပြောင်းလဲလာတဲ့ အခြေအနေတွေ အပေါ်မှာရော ခင်ဝင့်ဝါ ဘယ်လိုမြင်လဲ။
K.W.W ။ ။ ဒီလိုအခွင့်အရေးတွေ ပေါ်လာတာ အရမ်းကောင်းပါတယ်။ ဖြစ်သင့်တာလည်း ကြာပြီပေါ့နော်။ မနန်းခင်ဇေယျာကိုပဲ ကျေးဇူးတင်ရမလား မသိဘူး။ သူကဒီလိုမျိုးတွေ သွားပြိုင်ခဲ့တဲ့အတွက် နောက်ပိုင်း ညီမတို့အတွက်လည်း အခွင့်အရေးတွေ ရလာတာပေါ့နော်။ တကယ်လို့ သူသာ သွားမပြိုင်ခဲ့ဘူးဆိုရင် ညီမတို့ အတွက်လည်း အခွင့်အရေးတွေပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။
Voice ။ ။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါ ပြောချင်တာတွေရှိရင်ပြောပြပေးပါဦး။
K.W.W ။ ။ ညီမပြောချင်တာကတော့ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ညီမကို အားပေးကြပါလို့။ ညီမ အတတ်နိုင်ဆုံးလည်း ကြိုးစားထားပါတယ်။ ပြိုင်ပွဲမှာလည်း အကောင်းဆုံး ယှဉ်ပြိုင်ခဲ့မှာပါ။ နိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ အားပေးမှုက ညီမအတွက် အားဆေးပါပဲလို့ ပြောချင်ပါတယ်။
(သန့်ဇင်ဦး)
The Voice Weekly

No comments:
Post a Comment