Monday, August 19, 2013
အခြေခံဥပဒေအရ ရွေးကောက် တင်မြှောက်ခံထားရသော အမှတ် (၃) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်သည် သြဂုတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၌ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့သည်ကို တွေ့ရသည်။
ဦးဖုန်းမြင့်အောင်သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၇၈၁ ဦးထဲမှ ပထမ ဦးဆုံးအကြိမ် ဆန္ဒထုတ်ဖော်သူ ဖြစ်သည်။
“အစိုးရ အဖွဲ့အစည်းတွေရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ထောက်ပြဖို့ ဆန္ဒပြတာ” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
တောင်ဥက္ကလာပမြို့နယ် ပန်းခြံနှင့် အားကစားကွင်း မြေနေရာဟောင်းကို ရန်နိုင် ကုမ္ပဏီက ကွန်ဒို တိုက်ခန်း ဆောက်လုပ်နေခြင်းကြောင့် ဆန္ဒ ထုတ်ဖော်ခြင်း ဖြစ်ကြောင်း ဦးဖုန်းမြင့်အောင်က ဆက်လက် ရှင်းပြသည်။
အဆိုပါ မြေနေရာကို ပန်းခြံနှင့် အားကစားကွင်းအဖြစ် ပြန်လည် သတ်မှတ်ပေးရန်အတွက် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် အပါအဝင် တောင်ဥက္ကလာပမြို့ခံ ၁၀ ဦးတို့က ဆန္ဒထုတ်ဖော် ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မြေနေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ရုံး တည်ဆောက်ရန်အတွက် နှစ် ၆၀ ဂရန် ရရှိထားပြီး ပါတီရုံး မဆောက်လုပ် သဖြင့် ရန်နိုင် ကုမ္ပဏီကို ငှားရမ်းပေးထားကာ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကွန်ဒို တိုက်ခန်း တည်ဆောက်နေခြင်း ဖြစ်ကြောင်း အဆိုပါ ပါတီ ဗဟို ကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောကြားထားသည်။
အဆိုပါ မြေနေရာကို ပုဂ္ဂလိကသို့ ပေးအပ်ထားသော ဂရန်ကို ပယ်ဖျက်ပေး ပြီး အများပိုင် နေရာအဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ မရှိကို ပထမ အကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ဖြေကြား ရန် မေးမြန်းခဲ့ပြီး ပုဂ္ဂလိက အမည်ပေါက် မဟုတ်ကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း၏ နှစ် ၆၀ မြေငှား စာချုပ်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည် ဖြေကြားထား သည်။
“ဖြေကြားမှုက ကျေနပ်လောက်အောင် မရှိတဲ့အတွက် ကျွန်တော်တို့က ဆန္ဒ ထုတ်ဖော်တာပါ” ဟု တောင် ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ဦးမင်းအောင်က ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်သည် အဆိုပါ ပန်းခြံနှင့် အားကစားကွင်း ပြန်လည် ရရှိရေး ဆန္ဒထုတ်ဖော်ရန် တောင် ဥက္ကလာပမြို့နယ် ရဲစခန်းသို့ ခွင့်ပြုချက် နှစ်ကြိမ် လျှောက် ထားခဲ့သော် လည်း ခွင့်ပြုချက်မရသောကြောင့် ကျောက်တံတား ရဲစခန်းတွင် ခွင်ပြုချက် လျှောက်ထားကာ ဆန္ဒထုတ် ဖော်ခဲ့ခြင်း ဖြစ်သည်။
ပန်းခြံနှင့် အားကစားကွင်းကို အများပြည်သူပိုင်အဖြစ် ပြန်လည် ပေးအပ်ရန် သြဂုတ်လ ၁၄ ရက်နေ့ တွင် အဆိုပါ ပန်းခြံမှ နေ၍ တောင်ဥက္ကလာမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးရှေ့သို့ ဒေသခံ ၅၀ ဦး ကျော်က ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော် လမ်းလျှောက်ခဲ့ကြသည်။
ဟိန်းသွင်ထက်
The Voice Weekly
No comments:
Post a Comment