Sunday, August 18, 2013

မိုးယုစံ ရွေးချယ်မယ့် အိမ်ထောင်ဖက်

Sunday, August 18, 2013
 
သရုပ်ဆောင် မိုးယုစံက မိဘတွေ ချမ်းသာခြင်းထက် ကိုယ်ကိုယ်တိုင် ဦးဆောင်နိုင်မည့် ယောက်ျားမျိုးကို အိမ်ထောင်ဖက်အဖြစ် ပိုပြီး သဘောကျကြောင်း ဆိုသည်။

”အရင်တုန်းကထက်စာရင် အခုချိန်မှာ လွတ်လွတ်လပ်လပ်နဲ့ စိတ်ချမ်းသာမှု အပြည့်အဝ ရှိပါတယ်။ မိုးယုကတော့ မိန်းကလေးတစ်ယောက်အနေနဲ့ အသက် ၂၇ နှစ် နဲ့ ၃ဝ ကြား အိမ်ထောင် ပြုမယ်ဆိုရင် အကောင်းဆုံးလို့ မြင်မိတယ်။ ကိုယ်ကိုယ်တိုင် ဦးဆောင်နိုင်မှလည်း ဘဝရှေ့ရေးအတွက် ကောင်းမှာလေ။ တချို့ဆို ယောက်ျားလေးဖြစ်ပြီးတော့ ယောက်ျားစိတ်မရှိတာမျိုး တွေ ရှိတယ်လေ။ တစ်ခုခုဆိုရင် တာဝန် မယူရဲတာမျိုး။ အဲဒါမျိုးတွေရှိတယ်။ အဲဒီလိုမျိုးဆိုရင် သဘောမကျဘူး။ ကိုယ့်ကို ဦးဆောင်နိုင်ရမယ်။ယောက်ျားလေး စိတ်ဓာတ်အပြည့်အဝ ရှိရမယ်။ ယူထားတဲ့ တာဝန်ကို ကျေကျေပွန်ပွန် လေးလုပ်နိုင်တဲ့ စိတ်မျိုးရှိရမယ်၊ စကားပြောတာကအစ ပြတ်ပြတ်သားသားရှိရမယ်။ ကိုယ်တိုင်ကလည်း တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး တည်တည်တံ့တံ့လေး နေတတ်တော့ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကိုလည်း တည်တည် ငြိမ်ငြိမ် ပုံစံလေးမျိုးဆိုရင် သဘောကျတယ်”ဟု ၄င်းကပြောသည်။

”မိုးယု ရွှေမန်းပွဲမှာ ကခဲ့တဲ့ ဂျော်နီဝေါကား အကကိုတော့ Jade Dragon က သင်ပေးတယ်။ နိုင်ငံခြား အကလည်း ဖြစ်တဲ့အတွက် တစ်ခါမှလည်း ကိုယ်က မကဖူးဘူး။ ပရိသတ်ကလည်း ကိုယ့်ကို မမြင်ဖူးဘူး ဆိုတော့ ပိုပြီး ဂရုစိုက်ဖြစ်ပါတယ်။ Jade Dragon ကလည်း သေချာလေးသင်ပေးပါတယ်။ ကိုယ်ကလည်း တစ်ခါမှ မကဖူးတော့ မလုပ်ဖူးတာလေ။ လုပ်ရတော့ ကျေနပ်မိပါတယ်။

အနုပညာရှင်ဆိုတာက တစ်ခုတည်းမဟုတ်ဘဲနဲ့ အားလုံးကို သိထားရင်တော့ အကောင်းဆုံးပါပဲ။ မြန်မာ အကဆိုလည်း မြန်မာမိန်းကလေး ဖြစ်တဲ့အတွက် နိုင်ငံခြားသွားတာပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားတွေနဲ့ တွေ့တဲ့ အခါမှာမြန်မာအက က ဖော်ပြလို့ အကောင်းဆုံးပဲဟု မိုးယုစံ က ပြောသည်။

လွင်လွင်ထွန်း

No comments: