Tuesday, August 20, 2013

ဟတ္တကမင်းသားသရုပ်ဖြင့် စည်းရုံးရေးလုပ်နိုင်ပါစေ


Tuesday, August 20, 2013

ဒီကနေ့ မြန်မာနိုင်ငံဟာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံး လျှောက် လှမ်းနေတာ ဘာလိုလိုနဲ့ ၃ နှစ်ထဲကို ချဉ်းနင်းဝင်ရောက်လာပြီဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်း မြင်သာမှုတွေကို အစိုးရအဖွဲ့အနေနဲ့ အပြောသက်သက်သာမဟုတ်ဘဲ အလုပ်နဲ့သက်သေပြပြီး ဆောင် ရွက်နေတာ တွေ့ရပါတယ်။ ပြည်သူအားလုံးကတော့ လက်ရှိအစိုးရကို တိုင်းပြည်တိုးတက်အောင် ဘယ်လောက်အထိ စွမ်းဆောင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်နေကြပါတယ်။ အသိအမှတ်ပြုတဲ့သူရှိ သလို အသိအမှတ်မပြုတဲ့သူလဲ ရှိပါတယ်။ အဲဒီလိုအခြေအနေမျိုးတွေကို ဖြေရှင်းဆောင်ရွက်ရင်း ၅ နှစ် သက်တမ်းကုန်ဖို့တောင် တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ပါတယ်။ ဒီတော့ ငါးနှစ် သက်တမ်းအလွန် နောက် သက်တမ်းတစ်ခုကို မလွဲမသွေရောက်ရှိ ကြုံတွေ့လာဦးမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအသိအမှတ်ပြုဖို့ ရည်ရွယ်ချက်ရှိသူတွေက ကြိုတင်ပြင်ဆင်ဖို့ အချိန်ရောက်လာပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီလိုကြိုတင်ပြင်ဆင် တဲ့အခါ ရွေးကောက်ပွဲမှာဝင်နိုင်ဖို့ ဘာတွေ ပြင်ဆင်မလဲ။ အဲဒီရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့အတွက် ပါတီ အများစုက ကြိုတင်ပြင်ဆင်မှုတွေကို လှုပ်လှုပ်ရှားရှား စလုပ်လာတာကို မြင်တွေ့ကြားသိနေရပါတယ်။


ဒီလိုစည်းရုံးရေးဆင်းတဲ့အခါ အောင်မြင်စွာစည်းရုံးနိုင်ဖို့ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က ဟတ္တကမင်းသားလေး၏ စည်းရုံးရေးနည်းလမ်းလေးဟာ ယနေ့ခေတ်ကာလနဲ့လည်း လိုက်လျောညီထွေ ရှိနေတာကြောင့် အတုယူကျင့်သုံးခြင်းအားဖြင့် အောင်မြင်နိုင်တဲ့အတွက် ပြန်လည်မျှဝေ ဖော်ပြပေးရခြင်း ဖြစ်ပါတယ်။ မင်းသားလေးရဲ့စည်းရုံးရေးနည်းလမ်းကတော့ ဘုရားရှင်ဟောကြားတော်မူတဲ့ သင်္ဂဟ၀တ္ထု လေးပါး(Four Conditions of Unity) နဲ့စည်းရုံးပါတယ်တဲ့။ Unity ဖြစ်ဖို့အတွက် ဒီအကြောင်းလေးမျိုးဟာ အင်မတန်မှ အရေးကြီးပါတယ်။ မိသားစုတစ်ခုကစလို့ ပါတီတွေ၊ နိုင်ငံတော်အဆုံးထိ ဒီအကြောင်းတရား ၄ ပါးဟာ အရေးကြီးပါတယ်။ သင်္ဂဟဆိုတာကတော့ လူတွေကို စည်းလုံးညီညွတ်အောင်စုစည်းပေးနိုင်တဲ့ စွမ်းအားဖြစ်ပါတယ်။ အဲဒီလေးမျိုးက ဘာလဲဆိုရင် ဒါန-ပေးတာကမ်းတာရှိရမယ်၊ ဒါကြောင့် ပေးကမ်းခြင်း သည် အောင်မြင်ရာ၏လို့ ဆိုပါတယ်။ ပေးကမ်းတယ်ဆိုတာ သူစိမ်းမှမဟုတ်ပါဘူး၊ မိသားစုတွင်းလည်း ပေးကမ်းရတာပါပဲ၊စည်းရုံးတယ်ဆိုတာမေတ္တာနှောင်ကြိုးလေးထည့်ပေးတာပါဘဲ။အဲဒါကြောင့်ဦးအောင်မင်း က တိုင်းရင်းသားလက်နက်ကိုင်တွေကို စည်းရုံးဖို့ နိုင်ငံရဲ့ဘက်ဂျက်တစ်ဝက် တောင်းတာနေမှာပါ။

နောက်တစ်ချက်ကတော့ ပေယျဝဇ္ဇတ(ယဉ်ယဉ်ကျေးကျေး) ပြောဆိုတာပါပဲ။ လူမှုဆက်ဆံရေးမှာ ယဉ်ကျေးသိမ်မွေ့စွာချစ်ခင်ဖွယ်ရာပြောဆိုဆက်ဆံခြင်းပဲဖြစ်ပါတယ်။အဖွဲ့အစည်းအားလုံးရဲ့ခေါင်းဆောင် တွေသည် ကိုယ့်ရဲ့လက်အောက်ငယ်သားတွေကို အစေအပါးလိုသဘောမထားဘဲ လုပ်ဖော်ကိုင်ဖက်လို သဘောထားပြီး ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံရပါမယ်။ အစေအပါးလို သဘောထားဆက်ဆံရင်တော့ ယနေ့ Online မှာ အပိုင်စားရတဲ့ ဦးကောင်းမြတ်ထွဋ်လိုဖြစ်သွားပါမယ်။

နောက်တစ်ချက်ကတော့ အတ္တစရိယာ- တစ်ပါးသူအကျိုးကိစ္စကို ကိုယ်ထိလက်ရောက်ကူညီ ဆောင်ရွက်ပေးတာပေါ့၊ တစ်ချို့က နှုတ်ကပဲပြောပြီး လက်တွေ့လုပ်မပေးတာတွေရှိပါတယ်။ ဒါကြောင့် သူတစ်ပါးအကျိုးကိစ္စကို ကိုယ်ထိလက်ရောက်ကူညီပေးခြင်းသည်လည်းစည်းရုံးခြင်းပဲဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုရင် ယနေ့နိုင်ငံရေးလောကမှာ နှုတ်ကတိတွေ အထပ်ထပ်ပေး၊ လက်တွေ့ကျ ကိုယ်ထိ လက်ရောက်လုပ်မပေးတာတွေ တွေ့နေရတော့ အချင်းချင်း ပြန်လည်တိုက်ခိုက်ပုတ်ခတ်နေတာတွေ ကတော့ လက်တွေ့သာဓကပါဘဲ။ အဲဒါကြောင့် မင်္ဂလသုတ်ရွက်လို့ မင်္ဂလာရှိမလာပါဘူး၊ မင်္ဂလာရှိတဲ့ အလုပ်တွေကို ကိုယ်တိုင်လုပ်မှ မင်္ဂလာရှိလာပါမယ်။ နှုတ်ကသာပြောဆို၍မရ လက်တွေ့ကြုံလာလျှင် ကိုယ်ကျိုးစွန့်အနစ်နာခံ လုပ်ကိုင်ဆောင်ရွက်ပေးတဲ့ အလေ့အထလေးရှိဖို့ အရမ်းအရေးကြီးပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ သမနတ္တတာ- တန်းတူထားတာပေါ့၊ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ် ညှိနှိုင်းဆွေးနွေးတာဖြစ်ဖြစ် နိမ့်ချဆက်ဆံခြင်းမရှိဘဲ တန်းတူထားဆက်ဆံခြင်းသည် စည်းရုံးမှုကို အောင် မြင်နိုင်ကြောင်းပြောလိုပါတယ်။ အဲဒီအချက် ၄ ချက်နဲ့ညီမှ အောင်မြင်စွာစည်းရုံးနိုင်မယ်လို့ ပြောဆိုထား ပါတယ်။ ၎င်း ၄ ချက်နဲ့ မညီရင် သားသမီး၊ မိသားစုတောင် စည်းရုံးလို့မရနိုင်ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် စည်းရုံးတဲ့ပုဂ္ဂိုလ်ကလည်း ဂုဏ်သတင်းကျော်ကြားသူ (သို့မဟုတ်) ချမ်းသာကြွယ်ဝသူဖြစ်ရပါမယ်။ ဒီလိုမှ မဟုတ်ရင်တော့ အောင်မြင်စွာစည်းရုံးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် အဖွဲ့အစည်းအားလုံး နိုင်ငံရေးပါတီအားလုံး ၂၀၁၅ မှာ အနိုင်ရစေဖို့ လူထုစည်းရုံးရေး နည်းလမ်းအား အသိပေးမျှဝေရင်းနဲ့ အမေစုလည်း သင်္ဂဟတရား ၄ ပါးနှင့်အညီ သားကြီးအား စည်းရုံးနိုင် ပါစေဟု ဆုမွန်ကောင်းတောင်းလျက်…..

အာရုဏ်ဦး

No comments: