Saturday, August 31, 2013
ဆော်ဒီအာရေဗျ နိုင်ငံတွင် အမျိုးသမီးများအတွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးမည့် ပြည်တွင်း ဥပဒေ တစ်ရပ်ကိုပထမဆုံးအကြိမ် ပြဋ္ဌာန်းလိုက်ကြောင်း သိရှိရသည်။ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက အရှေ့အလယ်ပိုင်း ဒေသရှိ ဩဇာကြီးမားသော နိုင်ငံအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများ၊ကလေး ငယ်များနှင့် ပြည်တွင်း လုပ်သားများကို အကြမ်းဖက်မှုမှ အကာအကွယ်ပေးမည့် ဥပဒေကြမ်း တင်သွင်းမှုကို ယခုအခါ အတည်ပြုလက်ခံလိုက်ပြီဟု ပြောကြားသွားသည်။
အနိုင်ကျင့်ညှင်းပမ်းမှုမှ ကာကွယ်ရေး ဥပဒေဟုအမည်ပေးထားသော ပြဋ္ဌာန်းချက်သည် ဘာသာရေး စောင့်ထိန်းမှု ပြင်းထန်လွန်းသည့် နိုင်ငံအတွင်း ထူးခြားသော အပြောင်းအလဲ တစ်ရပ်အဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။
အစိုးရအဖွဲ့သည် ဩဂုတ်လ (၂၆)ရက်နေ့က အဆိုပါ ဥပဒေအတွက်နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လပေါင်းအတန်ကြာစောင့်ဆိုင်းခဲ့ရသည့် ဥပဒေကို အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။ ဒေသတွင်း ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးသမီးများ အနိုင်ကျင့် စော်ကားခံရမှုကို တိုက်ဖျက်ရန် လှုပ်ရှားမှုတစ်ခုကိုဆော်ဩခဲ့ပြီးနောက် ယခုဥပဒေအတွက် စဉ်းစားလာ ခြင်း ဖြစ်သည်။ ယခုဥပဒေအရ အမျိုးသမီး တစ်ဦးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနှောင့်အယှက် ပေးခဲ့ကြောင် စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်(၁)နှစ်ထိဖြစ်စေ၊ ရီရယ်လ်ငွေ(၅၀၀၀၀)ထိဖြစ်စေဒဏ်တပ်နိုင် မည်ဟု သိရှိရသည်။
"ဆော်ဒီဘုရင့် နိုင်ငံရဲ့ အမျိုးသမီး၊ ကလေးသူငယ်တွေနဲ့ ပြည်တွင်းအလုပ်သမား လူ့အဖွဲ့အစည်းတွေအတွက် ခုလို ဥပဒေမျိုးက သိပ်ကို ကောင်းမွန်ပါတယ်"ဟု အမျိုးသား လူ့အခွင့်အရေးအဖွဲ့မှ အတွင်းရေးမှူးချုပ် ခါလက်ဒ်အယ်လ်ဖက်ဟာက ပြောကြားခဲ့သည်။ ယခင်က အမျိုးသမီးများ၊ ကလေးများနှင့် အလုပ်သားများ အပေါ် အနိုင်ကျင့် ဖိနှိပ်မှုမျိုးကို ဥပဒေသက်သက် သတ်မှတ်ခြင်း မရှိဘဲ အစ္စလာမ်မစ် စည်းမျဉ်းများဖြင့်သာ သိုင်းဝိုင်းဖြေရှင်းခဲ့ကြသည်။ ကုလသမဂ္ဂသည် အမျိုးသမီးများအတွက် တိတိကျကျ အကာအကွယ် ပေးနိုင် မည့် ဥပဒေမျိုး ပြဋ္ဌာန်းရန် (၂၀၀၈)ခုနှစ်ကတည်းက ဆော်ဒီအစိုးရကို တိုက်တွန်းနေခဲ့ပြီးဖြစ်သည်။
Planet Myanmar Network

No comments:
Post a Comment