Tuesday, August 27, 2013
မီးရှို့ခံရသော အိမ်ထောင်စုများ ဘာသာရေး စာသင်ကျောင်းတွင် ထားရှိ
Tuesday, August 27, 2013
အကြမ်းဖက်မှုများကြောင့် နေအိမ်များမီးရှို့၊ဖျက်ဆီးခံခဲ့ရသည့်မိသားစုဝင်၂၆၀ ကျော်ကိုကန့်ဘလူမြို့နယ်ထန်းကုန်းမြို့ အာရဗီအလယ်တန်းကျောင်းတွင် စောင့်ရှောက်ထားကြောင်းထန်းကုန်းမြို့အစ္စလာမ်ဘာသာရေးခေါင်းဆောင် တစ်ဦးက The Voice သို့ ပြောကြားသည်။
သြဂုတ်လ၂၄ရက်နေ့ညက ဖြစ်ပွားခဲ့သည့်အကြမ်းဖက်မှုကြောင့် နေအိမ်၄၀ ကျော်ပျက်စီးခဲ့ရာလူဦးရေ၃၂၀ အိုးအိမ်မဲ့ ဖြစ်သွားခဲ့ပြီး၂၆၀ ကျော်မှာအဆိုပါစာသင်ကျောင်းတွင် နေထိုင်နေရကြောင်း၊ယခုအချိန်သည်၎င်းတို့၏ အာရဗီစာသင်ကျောင်းစတင်ဖွင့်လှစ်သည့်အချိန်ဖြစ်ကြောင်းထန်းကုန်းမြို့ခံတစ်ဦးဖြစ်သူကိုရန်နိုင်က ပြောကြားသည်။
“အခုလောလောဆယ်တော့ စာသင်ကျောင်း ပိတ်ထားရတာပေါ့။ ကျောင်း စဖွင့်ပြီး ဒုတိယနေ့မှာပဲ ပိတ်လိုက်ရတယ်။ မိသားစုတွေထဲမှာ ကလေးက တစ်ဝက်လောက်ပါတယ်။ သူတို့တွေအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်တိုင် ရောက်လာပြီး တစ်ပတ်စာ စားနပ်ရိက္ခာ ထောက်ပံ့ပေးသွား တယ်။ တစ်ပတ်ကျော်ရင်တော့ ပြန်လည် ထူထောင်ရေးအတွက် စီစဉ်ပေးမယ်လို့ ပြောသွားတာပဲ” ဟု ၎င်းက ဆိုသည်။
လတ်တလောတွင် ထန်းကုန်းနှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာများ တွင် အခြေအနေများ ငြိမ်သက်နေပြီး အကြမ်းဖက်မှု ကျူးလွန်သူ ၁၁ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ ဖမ်းဆီးခံရသူများတွင် ထန်းကုန်း မြို့ခံများ မပါရှိကြောင်း ဒေသခံများက ပြောဆိုသည်။
“အသွားအလာတွေ ပုံမှန် ရှိပါတယ်။ လက်ဖက်ရည်ဆိုင်တွေလည်း အကုန် ပြန်ဖွင့်နေပါတယ်။ အားလုံး ငြိမ်ငြိမ်သက်သက်ပါပဲ”ဟု ထန်းကုန်း မြို့တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးက ယနေ့ ည ၇ နာရီ ဝန်းကျင်တွင် ပြောကြားသည်။
၂၀၀၃ ခုနှစ်ကလည်း ယင်းကျေးရွာမှ အစ္စလာမ် ဘာသာဝင် တစ်ဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီး တစ်ဦးကို အဓမ္မ ပြုကျင့်သည်ဟူသော ကောလာ ဟလများကြောင့် ယခုကဲ့သို့ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၆ လုံး ပျက်စီးခဲ့ကြောင်း၊ အဆိုပါ အဓမ္မပြုကျင့်သည်ဆိုသော လူငယ် ကို ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ကြောင်း ကိုရန်နိုင်က ပြောကြားသည်။
ယခုလောလောဆယ်တွင် ထန်းကုန်းမြို့တွင် ရဲတပ်ဖွဲ့ဝင် ၂၀၀ ဖြင့် ရွာဝင်ပေါက်များကို စောင့်ကြပ် လျက် ရှိကြောင်း၊ ယနေ့ နံနက် ၉ နာရီ ကလည်း ကျေးရွာရှိ နှစ်ဖက် ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖ များ တွေ့ဆုံကာ နှစ်ဦး နှစ်ဖက် ရန်ငြိုး မဖွဲ့ကြရန်အတွက် မြို့လယ် ဘုန်းတော်ကြီး ကျောင်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
နေအိမ် ဖျက်ဆီးခံရသည့် မိသားစုဝင်များ၏ အရေးကိစ္စနှင့် ပတ်သက်၍ ထန်းကုန်း ရဲစခန်းနှင့် ကန့်ဘလူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးတို့ကို ဆက်သွယ်ခဲ့သော်လည်း ခေါ်ဆိုမရခဲ့ပေ။
အောင်မျိုးထက်
The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment