Thursday, August 22, 2013

အီလက်ထောနစ် ဥပဒေကြမ်း ဆွေးနွေးဖို့ လွှတ်တော်လက်ခံ

Thursday, August 22, 2013

မြန်မာစစ်အစိုးရလက်ထက်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို စွဲချက်တင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လေ့ရှိတဲ့ အီလက်ထရောနစ် ဥပဒေ ပြင်ဆင်ထားတဲ့မူကြမ်းကို လွှတ်တော်က သြဂုတ်လ ၂၁ ရက် နေ့မှာ ဆွေးနွေးဖို့အတွက် သဘောတူ လက်ခံလိုက်တယ်လို့ သိရပါတယ်။

အီလက်ထရောနစ် ဥပဒေကို ဗိုလ်ချူပ်မှူးကြီး သန်းရွှေက ၂၀၀၄ ခုနှစ်မှာ လက်မှတ်ထိုးပြဌာန်း ထားခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းကို ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်မှာ တင်သွင်း ခဲ့တာဖြစ်ပြီးတော့ ဥပဒေပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ဦးသိန်းညွှန့်က အခုလိုပြောပါတယ်။

“ဒီဥပဒေမှာပါတဲ့ မူလပြဌာန်းချက်မှာ အင်မတန်ကျယ်ပြန့်ပြီးတော့ လိုရင် လိုသလိုပေါ့ နိုင်ငံရေးအရလည်း တကယ်လည်း သုံးခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျနော် ဒီမှာ ကင်းလွတ်ချက်တစ်ခုကို ထည့်သွင်း ထားပါတယ်။ ဤပြဌာန်းချက်သည် နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှါပြဌန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်သော မိမိ၏ ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရေးသားဖြန့်ဝေခွင့်တို့ သက်ဆိုင် သည်ဆိုပြီးတော့ ကင်းလွတ်မှုထည့်ပြီးတော့ တင်ခဲ့ပါတယ်။”

ဥပဒေထဲမှာပါတဲ့ ပုဒ်မ ၃၃ မှာ အရင်က ထောင်ဒဏ် အနည်းဆုံး ၇ နှစ်ကနေ အများဆုံး ၁၅ နှစ်အထိ ချမှတ် နိုင်တဲ့အပြင် သေဒဏ်လည်း ချမှတ်နိုင်တယ်ဆိုတဲ့ ပြဌာန်းချက်ကို အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ၇ နှစ် ချမှတ်ဖို့နဲ့ ငွေဒဏ်လည်း ချမှတ်ဖို့ ပြင်ဆင်ထားတာဖြစ်တယ်လို့ ဦးသိန်းညွန့်ကပြောပါ တယ်။

ပုဒ်မ ၃၄မှာလည်း အရင်က ထောင်ဒဏ် ၅နှစ်ချတ်မှတ်ထားတာဖြစ်ပြီး အခုဆိုရင် ဒဏ်ငွေ မဆောင်နိုင်မှ ထောင်ဒဏ် ၆လကျခံဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ အဲဒါအပြင် ပုဒ်မ ၃၅မှာလည်း ထောင်ဒဏ် ၃ နှစ် ချမှတ်ထားတဲ့နေရာမှာ ငွေဒဏ်နဲ့ပေးဆောင်ဖို့ ပြင်ထားသလို ဒဏ်ငွေ မဆောင်နိုင်မှသာ ထောင်ဒဏ် ၃လချမှတ်ရမယ်ဆိုပြီး ပြန်လည်ပြင်ဆင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဥပဒေကို ဖျက်သိမ်းပေးဖို့ ဇန်န၀ါရီတုန်းက ပထမတကြိမ်တင်ပြခဲ့ပေမဲ့ လွှတ်တော်က လက်မခံပဲ ပယ်ချခဲ့ တဲ့အတွက် အခုဒုတိယအကြိမ်အနေနဲ့ ဥပဒေကြမ်းကို ပြန်လည် ပြင်ဆင်ပေးဖို့ ထပ်မံအဆိုတင်သွင်းခဲ့တာ
ဖြစ်တဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားပါတယ်။

ABC

No comments: