Thursday, 22 August 2013
အမေရိကန်၏ စစ်ဘက် လျှို့ဝှက်ချက်များကို ပေါက်ကြားစေခဲ့သူ စစ်မှုထမ်းဟောင်း ဘရက်ဒလေ မန်းနင်း ကို ထောင်ဒဏ် (၃၅)နှစ် ချမှတ်လိုက်ပြီ ဖြစ်သည်။ အသက်(၂၅)နှစ်ရှိ မန်းနင်းသည် ဇူလိုင်လ တရားရုံး ဆုံးဖြတ်ချက်အရ ရန်သူ့အားပေး ပြုလုပ်ခဲ့ကြောင်း စွပ်စွဲမှုမှ လွတ်မြောက်ခဲ့သော်လည်း အခြားစွဲချက် အခု(၂၀)တွင် အပြစ်ရှိကြောင်း သတ်မှတ် ခံခဲ့ရသည်။ ဗုဒ္ဓဟူးနေ့က ဖို့တ်မီရာဒီတွင် အမေရိကန် စစ်ဘက်ဆိုင် ရာ တရားသူကြီး တစ်ဦးက မန်းနင်းအား ထောင်ဒဏ် (၃၅)နှစ် ကျခံစေရမည်ဟု အတည်ပြု အမိန့်ချမှတ် လိုက်ခြင်း ဖြစ်သည်။
မန်းနင်းသည် နိုင်ငံတကာ သတင်းအချက်အလက်များကို ဖော်ထုတ်သည့် Wikileaks ဝက်ဘ်ဆိုက်နှင့် ဆက်သွယ်ကာ အဆိုပါ လျှို့ဝှက်ချက်များကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်၏ အစိုးရနှင့် စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက် ပေါက်ကြားမှုများအတွက် တရားရုံး ဆုံးဖြတ်ချက်များတွင် ယခုပြစ်ဒဏ်သည် အပြင်းထန်ဆုံး ဖြစ်လာကြောင်းလည်း သတင်းများက ဆိုသည်။
နောက်ဆုံးစီရင်ချက်အတွက် (၂)မိနစ်ကြာ ကြားနာမှု ပြုလုပ်ပြီးနောက် စစ်ဘက်ဆိုင်ရာ တရားသူကြီး ဒင်းနစ်လင်းက မန်းနင်းအတွက် ပြစ်ဒဏ်ကို အတည်ပြု ချမှတ်ခဲ့သည်။ စီရင်ချက် ချမှတ်ပြီးသည်နှင့် မန်းနင်းကို လုံခြုံရေးများက ပြန်လည် ခေါ်ယူသွားကြောင်းလည်း သိရှိရသည်။ တရားရုံးက မန်းနင်း၏ ရာထူးကို Private First Classမှ Privateသို့လျှော့ချပြီးမှ အမေရိကန် စစ်မှုထမ်းအဖြစ်မှ ဂုဏ်သိက္ခာ ကင်းမဲ့စွာ ထုတ်ပယ်ကြောင်းလည်း ကြေညာသည်။
မန်းနင်းကို ထောက်ခံသူများကမူ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား အနေဖြင့် ၎င်းအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပေးသင့်ကြောင်း၊ သို့မဟုတ်ပါကလည်း ခံဝန်ချက်ဖြင့် လွတ်မြောက်ခွင့်အတွက် အချိန်ယူမှုကို လျှော့ချပေးသင့်ကြောင်း တောင်းဆိုခဲ့ကြသည်။
မန်းနင်း၏ရှေ့နေ ဒေးဗစ်ကွမ်းဘ်က မိမိ၏ အမှုသည်အတွက် ပြစ်ဒဏ်မစေ့မီ ခံဝန်ချက်ဖြင့် လွတ်မြောက်နိုင် သည့် အခွင့်အရေးသည် (၇)နှစ် အနည်းဆုံး စောင့်ဆိုင်းရမည်ဟုလည်း ပြောကြားခဲ့သည်။ အစိုးရ ရှေ့နေ
များက မန်းနင်းကို ထောင်ဒဏ် နှစ်(၆၀)ထိ ချမှတ်ရန် တောင်းဆိုခဲ့သော်လည်း အတည်ပြု ပြစ်ဒဏ်သည်
(၃၅)နှစ်သာ ဖြစ်ခဲ့သည်။
Wikileaks ဝက်ဘ်ဆိုက်က ထောင်ဒဏ်(၃၅)နှစ် ချမှတ်မှုနှင့် ပတ်သက်ပြီး "မဟာဗျူဟာမြောက် ထင်ရှား သော အောင်မြင်မှုတစ်ခု"ဟု ရေးသားဖော်ပြခဲ့သည်။ စစ်ဘက်ဆိုင်ရာ ရှေ့နေများကမူ ယခုကိစ္စကို တစ်စုံ တစ်ရာ မှတ်ချက်မပေးခဲ့ချေ။ ကွမ်းဘ်က မန်းနင်းကို ထောက်ခံသူများအားကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ သလို မိမိအနေဖြင့် မန်းနင်းအတွက် သမ္မတထံ အသနားခံမှု ပြုလုပ်သွားမည်ဟု အသိပေးခဲ့သည်။
"မစ္စတာမန်းနင်း ထိခိုက်ခံစားခဲ့ရတဲ့ ကာလတွေကို အဆုံးသတ်ဖို့ အချိန်ကျရောက်လာပါပြီ"ဟု ၎င်းက ဆိုသည်။ ကွမ်းဘ်က စီရင်ချက် ထွက်ပေါ်လာချိန်တွင် ဝမ်းနည်းမိသော်လည်း မန်းနင်းက "ခင်ဗျား အကောင်းဆုံးလုပ်ခဲ့တာ ကျွန်တော်သိပါတယ်။ အရာရာ အဆင်ပြေသွားမှာပါ"ဟု အားပေးနှစ်သိမ့်ခဲ့ ကြောင်းလည်း ပြောကြားသွားသည်။
မန်းနင်း၏ ဦးလေးဖြစ်သူ ကီဗင်ဖောက်စ်ကမူ မိသားစုသည် ယခုထက် ဆိုးရွားသော ပြစ်ဒဏ်မျိုးကို မျှော်လင့်ထားခဲ့မိကြောင်း ဝန်ခံခဲ့သည်။ "ရိုးရိုးသားသားပဲ ကျွန်တော့်အမြင်ကို ပြောရရင်တော့ သူဒီထက် ပိုပြီး ပြစ်ဒဏ်ကြီးကြီး ကျခံရမယ်လို့ ထင်မိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် သူဟာ ကျွန်တော်တို့ အမြင်မှာတော့ သူရဲကောင်း တစ်ယောက်ပါပဲ"ဟု ဖောက်စ်က BBCသို့ ပြောဆိုသွားသည်။ ယခုစီရင်ချက်ကို စစ်ဘက် ဆိုင်ရာ တရားရုံးတစ်ခုက ပြန်လည်ဆင်ခြင် သုံးသပ်မည်ဖြစ်ပြီး ပြစ်ဒဏ် ထပ်မံလျှော့ချနိုင်မှုအတွက် မျှော်လင့်ခွင့်ရှိနေကြောင်းလည်း သိရှိရသည်။
မန်းနင်းသည် ကောလိပ်တက်ရောက်ရန် စရိတ်အတွက် အမေရိကန် စစ်တပ်ထဲ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ထောက်လှမ်းရေး အချက်အလက် သုံးသပ်သူ တစ်ဦးအဖြစ် တာဝန်ယူခဲ့ရသည်။ မန်းနင်း၏ ရာထူးမှာ အငယ်တန်း အဆင့်ဟုသာ ဆိုနိုင်သော်လည်း အတိမ်းစောင်း မခံနိုင်လောက်အောင် အရေးပါသည့် လျှို့ဝှက် သတင်းအချက်အလက်များကို ကိုင်တွယ်ခဲ့သည်။ ၎င်းသည် (၂၀၀၉)ခုနှစ်တွင် အီရတ်၌ တာဝန်ချထားခြင်း ခံခဲ့ရပြီးနောက် စစ်ဘက်ဆိုင်ရာ သတင်းများကို ပိုမိုသိရှိ စုဆောင်းနိုင်ခဲ့သည်။
၎င်းထံမှ ပေါက်ကြားလာသော သတင်းများကို ရယူကာ Wikileaksသည် အမေရိကန်၏ သံတမန်ရေးရာ လျှို့ဝှက်ချက်များ၊ အီရတ်နှင့် အာဖဂန် နစ္စတန်တို့တွင် စစ်ဘက်ဆိုင်ရာ ထိန်းသိမ်းထားသော မှတ်တမ်းများ ကို လက်ခံရရှိခဲ့သည်။ ယင်းတို့အနက် (၂၀၀၇)ခုနှစ်က ဘဂ္ဂဒက်အနီးတွင် ပျက်ကျပြီး လူ(၁၂)ဦး သေဆုံးခဲ့ သည့် Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်၏ လေယာဉ်မှူး အခန်းထဲမှ မှတ်တမ်းဗီဒီယို တစ်ခုပင် ပါဝင်ခဲ့ ကြောင်းလည်း သိရှိရသည်။
Planet Myanmar Network

No comments:
Post a Comment