Saturday, August 31, 2013
ဗြိတိန်လွှတ်တော်က ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်း၏ အမေရိကန်နှင့် ပူးပေါင်းကာဆီးရီးယားကို တိုက်ခိုက် ရေးအစီအစဉ်ကို ပိတ်ပင်ခဲ့ပြီးနောက် အမေရိကန်နှင့် ဗြိတိန်တို့က ၎င်းတို့ကြား အထူးဆက်ဆံရေးသည် ပျက်ပြားသွားမည့် အခြေအနေမျိုးမဟုတ်ကြောင်းယမန်နေ့က ပြောကြားလိုက်သည်။
ကင်မရွန်း အာဏာရခဲ့သည့် သုံးနှစ်အတွင်း ရှက်ဖွယ်အကောင်းဆုံးရှုံးနိမ့်မှုအဖြစ် ဓာတုလက်နက်များ သုံးစွဲခြင်းကြောင့် ဆီးရီးယားကို စစ်ဝင်တိုက်ရန် ၎င်း၏တောင်းဆိုမှုကို လွှတ်တော် အမတ်များကမဲပေးပယ် ချလိုက်ကြသည်။
ကင်မရွန်းသည် လွှတ်တော်၏ဆန္ဒကိုလေးစားမည်ဟု ကတိပေးခဲ့ပြီး သမ္မတအိုဘားမားအနေနှင့် အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် အမေရိကန်တပ်များကို အများဆုံးထောက်ပံ့ခဲ့သည့် ၎င်း၏အရင်းနှီးဆုံး ဥရောပ မဟာမိတ်မပါဘဲ စစ်ဆင်ရေးလုပ်ရမည်ဖြစ်သည်။
ခေါင်းဆောင်နှစ်ဦး ဖုန်းဆက်ပြောကြားကြရာတွင် အိုဘားမားက ကင်မရွန်းအား၎င်းတို့ကြားဆက်ဆံရေး သည် ခိုင်မာနေဆဲဖြစ်ကြောင်းနှင့် ပဋိပက္ခဖြစ်ရပ်တွင်းသို့ ဗြိတိန်မဝင်ရောက်မီ လွှတ်တော်၏ အတည်ပြု
ချက်ကို ယူရန်လိုခြင်းကိုလည်း အပြည့်အဝ လေးစားကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
“သမ္မတက ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ကြားကခိုင်မာတဲ့ရင်းနှီးမှုကို လေးစားကြောင်း အလေးပေးပြောတယ်၊ပြီးတော့ နှစ်နိုင်ငံကြားက အထူးဆက်ဆံရေးရဲ့ အင်အား၊ခံနိုင်ရည်နဲ့ အတိမ်အနက်တို့ကိုလည်း ပြောပါတယ်” ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သည့်ထုတ်ပြန်ချက်တစ်ခုတွင် ပါရှိသည်။
“နောက်ပိုင်း နိုင်ငံတကာအရေးတွေမှာလည်း ပူးပေါင်းလုပ်ဆောင်မှုဆက်လုပ်သွားဖို့ သူတို့ သဘောတူညီ ကြတယ်၊ ပြီးတော့ ဘက်အားလုံးကိုခေါ်ဆောင်ပြီး ဆီးရီးယားပဋိပက္ခအတွက် နိုင်ငံရေးအဖြေတစ်ခု ရှာမယ် ဆိုတဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်ကိုလည်း ထပ်ပြောကြပါတယ်” ဟုလည်းပါရှိသည်။
အမေရိကန်၏ထုတ်ပြန်ချက်တစ်ခုတွင် အမေရိကသည် ရင်းနှီးသည့်မဟာမိတ်ဖြစ်ပြီး မိတ်ဆွေလည်းဖြစ် သည့် အင်္ဂလန်နှင့် အထူးဆက်ဆံရေးကို ခါတိုင်းလိုပင် တန်ဖိုးထားကြောင်း၊ သမ္မတနှင့်ဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံလုံးအတူရင်ဆိုင်နေရသည့် လုံခြုံရေးစိန်ခေါ်မှုများစွာနှင့် ဆီးရီးယားအရေးတို့ တွင် နီးကပ်စွာ အကြံ ဥာဏ်များ ဆက်ပေးသွားရန် သဘောတူညီကြကြောင်း ပါရှိသည်။
Ref:Afp
The Myanma Age
No comments:
Post a Comment