Thursday, August 29, 2013

တရုတ်ဆေးကုသရေးသင်္ဘော သီလဝါဆိပ်ကမ်းတွင် ငါးရက်အခမဲ့ ဆေးကုသမည်


Thursday, August 29, 2013


မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ယနေ့ဆိုက်ကပ်သော တရုတ်ဆေးကုသရေးသင်္ဘော Peace Ark သည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းတွင် သြဂုတ်လ ၂၉ ရက်နေ့မှ စတင် ကာ စက်တင်ဘာလ ၂ ရက်နေ့အထိ အခမဲ့ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ထုတ်ပြန်ထားသည်။

သင်္ဘောဆိုက်ကပ်သည့် ငါးရက်တာကာလအတွင်း မြန်မာနိုင်ငံရှိ တပ်မတော်မိသားစု အသိုင်းအဝိုင်းနှင့် သာမန်အရပ်သားများကို အခမဲ့ ကုသပေးမည် ဖြစ်ကြောင်း၊ယင်းအပြင် အခြေခံပညာ မူလတန်းကျောင်းနှင့်မိဘမဲ့ကလေးကျောင်းများတွင်လည်း အဆိုပါသင်္ဘောပေါ်တွင် ပါလာသော ဆေးကုသရေးအဖွဲ့များက သွားရောက်ကုသပေးရန်စီစဉ်ထားကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။


သာမန်ရောဂါများအတွက် ဆေးကုသ စစ်ဆေးပေးမည့်အပြင် ခွဲစိတ်ကုသရမည့် ရောဂါများအတွက်လည်း ယင်းဆေးကုသရေး သင်္ဘောပေါ်တွင်ပင် ကုသသွားမည် ဖြစ်ကြောင်း၊ ဆေးကုသမှု ခံယူလိုသူများသည် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ဆက်သွယ် စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း ဆက်လက် ဖော်ပြထားသည်။

“Peace Ark ရဲ့ သမိုင်းဝင် လာရောက်လည်ပတ်ခြင်းဟာ မြန်မာနိုင်ငံကို အပြုသဘောဆောင်တဲ့ သဘော ပါပဲ။ ဒါဟာ ကျွန်တော်တို့ နှစ်ဖက်စလုံးက လူတွေကြားက ပေါက်ဖော်ရင်းနှီးမှုကို ခိုင်မြဲစေမယ်လို့ ယုံကြည် တယ်”ဟု ရန်ကုန်မြို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာသံအမတ်ကြီး မစ္စတာ Yang Houlan ကဆိုသည်။

ယင်းသင်္ဘောကြီးသည် ခုတင် ၃၀၀ ဆံ့ ဆေးရုံသင်္ဘောဖြစ်ပြီး သင်္ဘောပေါ်တွင် ဆရာဝန် ၄၈ ဦး၊ ဆေးဘက် ဆိုင်ရာဝန်ထမ်း ၁၀၂ ဦး ပါဝင်သည်။

Peace Ark တရုတ်ဆေးကုသရေး သင်္ဘောသည် ၂၀၁၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က စတင်ကာ ဘရူနိုင်း၊ မော်လ်ဒိုက် နိုင်ငံ၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံ ရှစ်နိုင်ငံ သို့ လှည့်လည် ဆေးကုသမည်ဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း ယင်းသံရုံးက ကြေညာထားသည်။

The Voice Weekly

No comments: