Friday, August 30, 2013
သြစတြေးလျနိုင်ငံ အထွေထွေရွေးကောက်ပွဲ မကျင်းပခင် တပတ်ကျော်အလိုမှာပဲ ကြိုတင်ကောက်တမ်း တစ်ခု ထပ်မံထွက်ပေါ်လာပြီး ကောက်တမ်းအရ အရင် ရွေးကောက်ပွဲတုန်းက အတိုက်အခံပါတီနဲ့ အစိုးရ ပါတီတို့ အပြတ်အသတ် မဲအသာရမှု မရှိခဲ့တဲ့ နေရာမှာ အစိုးရပါတီ လုံးဝ ရှုံးနိမ့်သွားနိုင်တယ်လို့ ပြသနေပါ တယ်။
News Limited က ထုတ်ပြန်တဲ့ ကောက်တမ်းအရ ဆစ်ဒနီမြို့ အနောက်ပိုင်းမှာ ၂၀၁၀ရွေးကောက်ပွဲတုန်း က အစိုးရရဲ့ လေဘာပါတီကို ထောက်ခံမှုက ၄၃% ရှိခဲ့ပေမယ့် ဒီတချီမှာတော့ ထောက်ခံမှုနှုန်းက ၃၄% လောက်သာရှိတယ်လို့ ပြသနေပါတယ်။
အတိုက်အခံ လီဘရယ်ပါတီကို ကြိုက်နှစ်သက်မှုက ၅၄% ရှိနေပြီး အတိုက်အခံပါတီသာ အနိုင်ရမယ်လို့ ပြသနေတာ ဖြစ်ပါတယ်။ ကောက်တမ်းမှာ ဝင်ရောက်ဖြေဆိုသူ လူပေါင်း ၄ ပုံ ၃ ပုံကလည်း အတိုက်အခံ သာ အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ဖြေဆိုထားကြပြီး လက်ခံနိုင်တဲ့ အမှားပမာဏက ၃.၅ % ရှိတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၇ ရက် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ အပြိုင်မဲဆွယ်နေကြပြီး သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် ကယ်ဗင်ရဒ်က ဒီကနေ့မှာ ပတ်သ်မြို့ကို ဒုတိယအကြိမ် မဲဆွယ်စည်းရုံးရေး ဆင်းနေပါတယ်။
ဒီခရီးစဉ်အတွင်း မြို့ပြ အခြေအနေတိုးတက်အောင် ဆောင်ရွက်မယ်လို့ ပြောဆိုဖို့ရှိပြီး အစိုးရပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် မြို့ပြဝန်ကြီးတစ်ဦးခန့်အပ်ပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆယ်နှစ် အတွင်း အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ ပြောဆိုမှာ ဖြစ်ပါတယ်။
အတိုက်အခံပါတီ ခေါင်းဆောင် တိုနီအာဘော့တ်ကတော့ ဒီကနေ့ မဲလ်ဘုန်းမြို့မှာ မဲဆွယ်မှာဖြစ်ပြီး သူ့ပါတီ သာ အနိုင်ရမယ်ဆိုရင် ကျောင်းဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းတွေကို မြင့်တင်ပေးသွားမယ်လို့ မဲဆွယ် မှာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံအတွင်းရှိ ပြည်နယ်တချို့က ဆရာ၊ ဆရာမတွေရဲ့ လစာဟာ တခြားပြည်နယ်တွေထက် အရနည်းတဲ့အတွက် လစာတိုးမြှင့်ရေးတွေနဲ့ စာသင်ကြားမှု အရည်အသွေး မြှင့်တင်မှုတွေ လုပ်သွားမယ်လို့ အတိုက်အခံပါတီက ကတိပေးမှာ ဖြစ်ပါတယ်။
ဆရာ၊ ဆရာမတွေကို လူတွေနဲ့ ဆက်သွယ်ရာမှာ ပြေပြစ်မှုရှိအောင် သင်တန်းတွေ ပေးမှာဖြစ်ပြီး လူမှု လုပ်ငန်းတွေမှာ ပါဝင်အောင် လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဆရာ၊ ဆရာမ လုပ်ဖို့ တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာလည်း ဆရာအလုပ် ကို တကယ်ဝါသနာပါလို့ တက္ကသိုလ်တက်ရောက်တာမျိုးဖြစ်အောင် စီစစ်မှုတွေ ပြုလုပ်သွားဖို့ တက္ကသိုလ် တွေနဲ့ ညှိနှိုင်းသွားမယ်လို့ပြောပြီး ဒီလို ပြုလုပ်မှသာ စာသင်ကြားခြင်း လုပ်ငန်း လုပ်သူတွေအပေါ်လေးစားမှု တွေ ရှိလာမယ်လို့ ဆိုပါတယ်။
အဲ့ဒါ့အပြင် အတိုက်အခံ ညွန့်ပေါင်းပါတီရဲ့ ပညာရေးပေါ်လစီအရ အစိုးရပိုင်ကျောင်းတွေထဲက ၂၅% ကို ၂၀၁၇ ခုနှစ်မတိုင်ခင် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အစိုးရကျောင်းအဖြစ်လုပ်ကိုင်ခွင့်ပေးမှာဖြစ်ပြီး အဲဒီ ကျောင်းတွေအနေနဲ့ မိမိကြိုက်နှစ်သက်ရာ ဆရာ၊ ဆရာမတွေကို ခေါ်ယူခန့်အပ်နိုင်မှာဖြစ်ပြီး အစိုးရ ချပေး စရာမလိုတော့အောင်လုပ်ဆောင်မယ်လို့လည်းပြောဆိုတဲ့အကြောင်း နိုင်ငံရေးဆိုင်ရာ အေဘီစီ သတင်းထောက် Eliza Borrello က သတင်းပေးပို့ထားပါတယ်။
ABC

No comments:
Post a Comment