Friday, August 30, 2013
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်တည်ဆောက် လာနိုင်ခြင်းကို တရုတ် နိုင်ငံအနေဖြင့် ၀မ်းမြောက်ဝမ်းသာ ရှိပါကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဝမ်ရီက မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သြဂုတ် ၂၈ ရက်က တွေ့ဆုံရာတွင် ပြောကြားသည်။
တရုတ်နိုင်ငံခြားရေး ၀န်ကြီးက မြန်မာသည် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရောက်ရှိ နေပြီဟု ယုံကြည်ပါကြောင်းပြောကြားသည်။
ဝန်ကြီးဝမ်က မြန်မာနှင့် တရုတ်သည် စီးပွားရေး လုပ်ငန်းများနှင့် ကုန်သွယ်ရေး လုပ်ငန်းများတွင် ပိုမိုပူး ပေါင်းလုပ်ဆောင်ရန်၊ နှစ်နိုင်ငံကြား ဆက်သွယ်ရေး ပိုမိုဖွံ့ဖြိုးလာရန်နှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ -မြန်မာ လေးနိုင်ငံ စီးပွားရေး စင်္ကြံပြုလုပ်နိုင်ရန် အတွက် ပူးပေါင်းဆောင်ရွက်ရန်တို့ကို ပြောကြားသည်။
လာမည့်နှစ်တွင် မြန်မာသည် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ရယူတော့မည် ဖြစ်သည့်အတွက် မြန်မာနှင့် တရုတ် နှစ်နိုင်ငံသည် တရုတ်နှင့် အာဆီယံ ဆက်ဆံရေး တိုးမြှင့်နိုင်ရေးအတွက် ပူးပေါင်း
လုပ်ဆောင်သင့်သည်ဟု အကြံပေးခဲ့သည်။
ဦးဝဏ္ဏမောင်လွင်က မြန်မာသည် တရုတ်နိုင်ငံ၏ နှစ်ပေါင်းများစွာ ထောက်ပံ့မှုကို တန်ဖိုးထားပါကြောင်းနှင့် တရုတ်နိုင်ငံနှင့် စီးပွားရေး လုပ်ငန်းများ၊နှစ်နိုင်ငံ ဆက်သွယ်ရေးများနှင့် နယ်စပ်တည်ငြိမ်ရေးများတွင် ပူးပေါင်းဆောင်ရွက် ရန်အတွက် အဆင်သင့် ရှိပါကြောင်း ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံသည် တရုတ်နှင့် အာဆီယံအကြား ဆက်ဆံရေး တိုးမြှင့်တည်ဆောက်ရန်အတွက်လည်း အကူအညီ ပေးမည်ဟု ဆက်လက် ပြောကြားသည်။
eleven media group

No comments:
Post a Comment