Friday, August 30, 2013
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် Telenor ၏ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ နှစ်ဘီလျံထက် လျော့နည်းနိုင်ကြောင်း Telenor အမှုဆောင် အရာရှိချုပ်(စီအီးအို)က ပြောကြားကြောင်း Reutersသတင်း ဌာန၏ ဖော်ပြချက်အရ သိရသည်။
''မြန်မာမှာ ဘယ်လောက် မြှုပ်နှံမလဲလို့ ပြောရရင် ပါကစ္စတန်မှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ ပမာဏထက် ပိုမိုနည်းပါး နိုင်ပါတယ်။ ပြန်သုံးသပ် ကြည့်မယ်ဆိုရင် ပါကစ္စတန်မှာလည်း များနိုင်သမျှများများ ရင်းနှီးမြှုပ်နှံ နိုင်လိမ့် မယ်လို့ ထင်မြင်ခဲ့ကြပေမယ့် တကယ်တမ်းတော့ ဒါက ဖြစ်မလာခဲ့ပါဘူး'' ဟု Telenor စီအီးအို Jon Fredreik Baksaas က ပြောကြားသည်။
Telenor သည် 2G ရော 3G ကိုပါ ၀န်ဆောင်မှု ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး ငါးနှစ်တာ ကာလ အတွင်း မြန်မာတစ်နိုင်ငံလုံး အသုံးပြုနိုင်မည့် Mobile Network တစ်ခုကို တည်ဆောက်မည် ဖြစ်သည်။ Mobile ၀န်ဆောင်မှုများ အပါအ၀င် အသံနှင့် အချက်အလက် လွှဲပြောင်းမှုဆိုင်ရာ ၀န်ဆောင်မှုများကို ၂၀၁၄ ခုနှစ်အတွင်း စတင်ဝန်ဆောင်မှု ပေးနိုင်ရန် စီစဉ်နေပြီး ဆင်းမ်ကတ် တစ်ကတ်လျှင် ကျပ် ၁၅၀၀ နှင့် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၂၅ ကျပ် ကောက်ခံမည်ဟု တရားဝင်ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Telenor Myanmar Ltd ကို တည်ထောင်ခဲ့သည်။ Telenor မှ ၀န်ဆောင်မှုပေးမည့် ဖုန်းကတ်များတွင် အင်တာနက် ၀န်ဆောင်မှုပါ တစ်ပါတည်း ပါဝင်မည် ဖြစ်ပြီး ၎င်းကုမ္ပဏီ အနေနှင့် လိုင်စင်လက်ဝယ်ရရှိပြီး ရှစ်လအကြာတွင် စတင်ဝန်ဆောင်မှု ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
Telenor သည် အရှေ့တောင်အာရှ နိုင်ငံများ ဈေးကွက်အတွင်း တတိယမြောက် ခြေလှမ်းအဖြစ် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ကို ဇွန် ၂၇ ရက်က ရရှိခဲ့သည်။ Telenor သည် နော်ဝေနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ် ပြီး ကမ္ဘာ့အဆင့် ၁၄ တွင် ရပ်တည်လျက် ရှိသည်။
ဆက်သွယ်ရေး မိုဘိုင်းအော်ပရေတာ အဖြစ် နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ ဆားဘီးယား၊ ယူကရိန်း၊ ဟန်ဂေရီ၊ မွန်တီနီဂရို၊ ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့တွင် လုပ်ကိုင်လျက်ရှိသည်။ Telenor အုပ်စု၏ အဓိက ၀န်ဆောင်မှုများမှာ Internet Broadband ၀န်ဆောင်မှု၊ Mobile Telecommunication ၀န်ဆောင်မှု၊ Internet TV ၀န်ဆောင်မှု၊ IPTV ၀န်ဆောင်မှု စသည်တို့အပြင် အခြားဝန်ဆောင်မှု များလည်း ပြုလုပ်လျက် ရှိကြောင်း သိရသည်။
Telenor Mobile Communication ကို ၁၈၅၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ် အထိ မိုဘိုင်းဖုန်း အသုံးပြုသူ ၁၄၈ သန်းရှိသည်။ Telenor နှင့်အတူ ဆက်သွယ်ရေး အော်ပရေတာအဖြစ်
ရွေးချယ်ခံရသော ကာတာနိုင်ငံ အခြေစိုက် Ooredoo က မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ထုတ်ဖော် ပြောကြားထားသည်။
eleven media group

No comments:
Post a Comment