၈၈၈၈ တစ္ဆေ
Thursday, 22 August 2013
"ရက်စက်တယ်ဗျာ ဝိုင်းအုံကြည့်နေတဲ့ လူအုပ်ကြီးကို
တစ်စာစာတောင်းပန်နေရက်နဲ့ကြားက ဓါးတုန်းတုန်းကြီးနဲ့ တဒုတ်ဒုတ်နဲ့
လည်မပြတ်မချင်းခုတ်တာဗျာ " အပြင်ကပြန်လာတဲ့ မောင်ငယ်ထွန်းလွင်ရဲ့လေသံကိုကြားလိုက်ရ၏။မရိုးသောသက်ပြင်းရှည်ကြီးကို
ဒေါ်အေးသိန်း ထပ်မံပြုရရင်းထွန်းလွင်ကမ်းပေးသောဆန်ထုတ်ကိုယူလိုက်ရသည်။။အလုပ်တွေမရှိတော့တဲ့အခါအိမ်က ယောကျာင်္းသားတွေ ခုလို ခေတ်ပျက်ကြီးမှာသက်စွန့်စံဖျားနဲ့ထမင်းတစ်နပ်အတွက်ရှာဖွေရတာသိပ်ခက်ခဲသည်။အရေးအခင်းမဖြစ်ခင်အချိန်ကထက် အဆရာပေါင်းများစွာကျပ်တည်းလာခဲ့လေသောအချိန်ပါတကား။လက်ရှိစနစ်ကိုတွန်းလှန်ရင်းတဖြည်းဖြည်းနွံထဲကျလာသော
အဖြစ်။ဒေါ်အေးသိန်း ဆက်မတွေးနိုင်တော့ပဲ ထမင်းချက်ဖို့ ဆန်ဆေးရတော့သည်။
အရေးအခင်းကြီးမဖြစ်ခင်က မောင်ငယ် ထွန်းလွင် က လက်သမားလုပ်ပြီး
ယောကျာင်္းဖြစ်သူ ဦးသိန်းနိုင်က အဖေ လေးဘီးမောင်းရင်း နှစ်ယောက်လုပ်စာနဲ့မိသားစုအဆင်ပြေခဲ့သေးသည်။ယခုတော့လမ်းများလည်းပိတ်မည်သည့်ကားမှလည်းထွက်မရ၊ ကားအုံနာမိသားစုကလည်း ကားမပေးတော့၊လက်သမား
အလုပ်ကလည်း မရတော့ ၊ ဒီလိုနှင့် ဒေါ်အေးသိန်းတို့ မိသားစု ကျပ်တည်းမှူတွေ
စတင်ခဲ့ရတော့သည်။အိမ်ဦးနတ် က အိမ်လုံခြုံရေးကျန်ခဲ့ချိန် မောင်ငယ် က
ဟင်းစားရှာ ရင်း အိမ်မှရှိတဲ့ယောကျာင်္းသားနှစ်ယောက်က တစ်ယောက်တစ်လှည့် ဝမ်းတထွာဖြည့်ဖို့ ကြိုးစားရတော့သည်။ စားဖို့သောက်ဖို့ထွက်ရှာရတာလည်းခက်ခဲလွန်းသည်။ ဘယ်နေရာမှာများ အသတ်ခံရမလဲ ဆိုပြီးရင်တဒိတ်ဒိတ်နဲ့နေရတဲ့ဘဝကြီးပင်။ အဝတ်အစားသားသားနားနား ဝတ်ပြီး လမ်းပေါ်ထွက်မိလျှင် ၊ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်မိလျှင်
၊ လက်ထဲမှာ အထုပ်တစ်ထုပ် ဆွဲသွားလျှင် အသင့်စောင့်နေသော ဒုတ်ကိုင်
ဒါးကိုင် လှံကိုင်လူအုပ်ကြီး အနားကပ်လာပြီး အဆွဲခံရပြီသာမှတ်ပေတော့ ။
အလွန့်အလွန်ကံကောင်းမှ ထိုလူအုပ်ထဲတွင် မိမိအသိလေးများပါမှ
ကိုယ်သွားချင်ရာသွားလို့ရမည်။။ကံများဆိုးမိပြီ ဆိုလို့ကတော့ သူခိုးဖြစ်လိုက်သူသျှိုဖြစ်လိုက်
ဒလန်ဖြစ်လိုက်နဲ့ သူတို့စွပ်စွဲချက်တွေ အောက်မှာ မနက်ဖြန်မိုးလင်းလျှင်
မျက်နှာသစ်စရာခေါင်းမရှိမယ့် အဖြစ်ကို သက်ဆင်းခဲ့ရသောအဖြစ်ရောက်သွားမည်
။ထိုအဖြစ်ပျက်များသည် ယဉ်ကျေးလှပါသည်ဆိုသော ဗုဒ္ဓဘာသာမြန်မာပြည်၏
တကယ်ဖြစ်ခဲ့သော အရိပ်ဆိုးကြီးဖြစ်တော့သည်။ ‘၈’ အက္ခရာ ဂဏာန်း လေးလုံးပူးသော
ထိုအချိန်သည် တကယ့်ဘီလူးတစ်ကောင် တစ္ဆေဆိုးကြီးအသက်ဝင်၍ လူအပေါင်းအား
ညှို့ငင်ကာ စိတ်ရိုင်းများသွင်းသော အချိန်ဟုဆိုနိုင်သည် ။
လူတိုင်းလူတိုင်း သူ၏ခြောက်လှန့်မှူကို ခံစားခဲ့ရသည်။
ဒေါ်အေးသိန်းတို့ မိသားစု အဖို့ နံနက်မိုးလင်းသည်ဆိုသည်နှင့် ယခင်လို
တရားသံများနှင့် မိုးမလင်းပဲ ‘ဒို့အရေး’ ‘မီးတုတ် မီးတုတ် ရှို့ ရှို့’
‘ရလျှင်ရ မရလျှင် ချ’ ဆိုသော အော်ဟစ်သံများနှင့်သာမိုးလင်းခဲ့ရသည်။မနက်တိုင်း
လမ်းတွေပေါ်တွင် ကျောင်းသားများ ၊အလုပ်သမားများ ၊သမဂ္ဂများ
၊အသင်းအဖွဲ့များနှင့် ဘာမှန်းမသိသော အသင်းအဖွဲ့များ ဖြင့် ပြည့်နှက်နေပြီး
ချီတတ်လမ်းလျှောက်တွင်လည်း ခုံများ ရိုက်ချိုး ၊ဆိုင်များ
ဖျက်ဆီးသွားကြတာချည်းသာ ဖြစ်၏။အသင်းအဖွဲ့များပေါလိုက်ပုံက-မိတ်ကပ်ပညာရှင်များဟူ၍
မိန်းမလျှာများကလည်း အဖွဲ့ဖွဲ့၏ ။ ဖွဲ့စရာမရှိတော့ အိမ်ရှိမိန်းမများကလည်း
အိမ်ရှင်မများ သမဂ္ဂဖွဲ့တော့သည်။ဒေါ်အေးသိန်းတို့ရပ်ကွက် (၆)လမ်းထဲက မိမိသူငယ်ချင်း ဒေါ်ထားငွေ ဆိုသူပင် အိမ်ရှင်မများ သမဂ္ဂထဲပါသွားသေး၏ ။သူမ၏အပြောအရ ‘ပါချင်လို့မဟုတ်ဘူးရယ်..အဲလိုလေးလုပ်မှ ဝမ်းစိုတာ.တနေ့လုံးလိုက်သွားလိုက်.
ပြန်လာတော့ အအေးဗူးလေးနဲ့ အထုပ်ကလေးပါဆွဲလို့ပေါ့ဟယ်..’ ။ဤသို့
အဖြစ်များလည်းရှိ၏ ။ မိမိလည်း သွားကားသွားချင်၏။နေ့စဉ်
ဝမ်းစာအတွက်ကြိုးစားနေရသော မောင်ငယ်နှင့်လင်တော်မောင်အား
သနား၍ဖြစ်သည်။သွားမိပါက လမ်းဘေးမှ လူအုပ်စုသတ်၍မသေပဲ မိမိလင်တော်မောင်
ကိုသိန်းနိုင် သတ်၍ သေမည်ဖြစ်သည်။ အရေးအခင်း စပြီဆိုကတည်းက
အရှုပ်ထဲရှင်းအောင်နေ ဟူ၍ အပြတ်ပြောထားလေသည်။ လင်တော်မောင်
ကိုသိန်းနိုင်၏ ဖခင်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သောကြောင့် ကိုသိန်းနိုင်
မှာ ရဲတပ်ဖွဲ့များနှင့် ခင်မင်ရင်းနှီးလေသည်။ ယခုမူကား ထိုသို့ခင်မင်မှူသည်
မိမိတို့မိသားစုအတွက် ကျိန်စာဖြစ်နေ၏။ တစ်နေ့တစ်နေ့ ကိုသိန်းနိုင် အား
သိသိသာသာ စောင့်ကြည့်နေသူ များပြားလာပြီး အချို့ဆိုရင်
အိမ်ရှေ့လမ်းတွင်ဖြတ်သွားဖြတ်လာလုပ်ရင်း
‘ခွင်ထဲဝင်လာလို့ကတော့ ခေါင်းအပြတ်ပဲ’ ဆိုသော စကားမျိုး မကြားကြားအောင်
ပြောတတ်ချေသေး၏ ။ ကိုသိန်းနိုင်အဖို့ လူမှန် လူပု စိတ်တို မို့ အရေးအခင်း
မဖြစ်မီကတည်းက လူချစ်လူခင်များသည့်အလျှောက် ရန်သူမုန်းသူ
လည်းများခဲ့သည်။အစိုးရဝန်ထမ်းများနှင့်
ပတ်သတ်နေသူများကို သူသျှိုများ ဒလန်များဟူ၍ သမုတ်ကာ သတ်ဖြတ်နေခြင်းမို့
အိမ်ဦးနတ်ကို ဝေးဝေးလံလံမသွားဖို့ အတန်တန်မှာထားရ၏ ။ယင်းအကြောင်းကိုသိသော
မောင်ငယ် ထွန်းလွင်က ယောက်ဖ ကို စိတ်မချသောကြောင့် ၄င်းကိုယ်တိုင်
ဝမ်းစာရှာနေခြင်းဖြစ်သည်။ ကြားရသော သတင်းများက မကောင်းချေ
။ရန်ကုန်မြို့ကြီးတွင် သွေးပင်လယ်ဖြစ်နေလေသည်။ ဘယ်အချိန်တုန်းကတော့
ဘယ်နေရာမှာ လူသတ်ပြန်ပြီ ဒီနားမှာခေါင်းဖြတ်ပြန်ပြီ ဆိုသောသတင်းတွေ၊
မင်းတို့ရပ်ကွက်ကို ဒီညမီးလာရှို့မယ်ဆိုသော သတင်းတွေတစ်ဖွဲဖွဲရောက်လာပြီး
မိမိကျောပင်မိမိ မလုံတော့။ညတောင်ကောင်းကောင်းမအိပ်ရပဲ
ကိုယ့်အိမ်ကိုယ့်ရာ ကိုယ့်လမ်း လုံခြုံဖို့ ဝါးရင်းတုတ်ကိုင်
ကင်းစောင့်ရတဲ့ အခြေအနေရောက်နေလေသည် ။ ယခင်ကတည်းက
တစ်နေ့လုပ်စာတစ်နေ့စားရတဲ့ ဘဝတွင် ခေတ်ကပျက်တော့ ပိုဆိုးခဲ့ရသည် ။
ဤသို့ ကျီးလန့်စာ စားနေရတဲ့အချိန်တွင် ရပ်ကွက်ထဲမှ
လူမိုက်(သိုင်းဆရာဟောင်း)ကလည်း s.c.s က ခေါ်ယူတာဝန်ပေးသည်ဟု ဆိုကာ လူငယ်များ
စုစည်း၍ ရပ်ကွက်လုံခြုံရေး ဟူ၍ အဖွဲ့ဖွဲ့တော့သည်။ စစချင်း အားကိုးရချည်ရဲ့
ဆိုရသော်လည်း ကြာလာသောအခါ တစ်ရပ်ကွက်ထဲသား အချင်းချင်းတောင် ‘ဒီကောင်က
ဟိုဘက်အုပ်စုနဲ့ အဆက်အသွယ်ရှိတယ်’ ‘ဒီကောင်ကတော့ သူသျှိုဖြစ်နိုင်တယ်’
တို့နဲ့ စစ်ဆေးမေးမြန်းခြင်း အိမ်ပေါ်ထိပင် တတ်ရောက်ရှာဖွေခြင်းများ
ပြုလုပ်လာကြသည်အထိ ရိုင်းပြလာကြပါတော့သည် ။တောမီးလောင်တော့
တောကြောင်လက်ခမောင်းခတ်တဲ့ခေတ်တွင်
နေရစားရသည်မှာ လုံခြုံမှူမရှိလှ။ ။အိမ်နောက်ဘက်တွင်ရှိသော ဆရာမ မမဝင်း
တို့ဆိုရင် ဒေါ်အေးသိန်းတို့ အိမ်ဘက်ပြောင်းလာနေရတော့သည်။
သမီးပျိုရှိရင်တောင် မလုံခြုံတော့သော့ခေတ် အခါကြီးပါတကား။လင်တော်မောင်ကတော့
ပြောတယ် လူကြီးတွေပြောဖူးသလို “ဂျပန်တွေ ရွှာထဲဝင်လာလျှင်--ဆိုတာ
ဒါကိုပြောတာ အသိန်းရေ “လို့ ဟာသဖောက်ပြီးပြောတယ်။မည်သူမျှ
မရယ်နိုင်ကြပေမယ့် သူပြောတဲ့ ဆိုလိုရင်းကို အားလုံးမပြောပဲ သိနေခဲ့ကြပါ၏ ။ အပိုင်း(၂) ဆက်ပါမည် ။ (မိခင်ကြီးပြောပြသော ၈၈ ကာလ အတွေ့အကြုံများအား ဖတ်ရှူ၍ကောင်းမွန်စေရန် စာပြန်စီပါသည်-မင်းဇော်)
No comments:
Post a Comment