Monday, August 12, 2013

KIO ကချင်အာဇာနည်နေ့ အခမ်းအနားကျင်းပ

Monday, August 12, 2013
ကချင်တော်လှန်ရေးများအတွင်း ကျဆုံးခဲ့သော ကချင်အမျိုးသား လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်များနှင့် ရဲဘော်များကို ဂုဏ်ပြုသောအားဖြင့် သြဂုတ်လ ၁၀ ရက်တွင် ကျရောက်သည့် ကချင်အာဇာနည်နေ့ အခမ်းအနား ကို လိုင်ဇာမြို့ ဌာနချုပ်အပါအ၀င် ရှစ်နေရာတွင် ကျင်းပခဲ့သည်။

ကချင်ဘာသာဖြင့် ''Share shagan Ninghtoi" ဟု ခေါ်ဆိုသည့် အာဇာနည်နေ့ အခမ်းအနားကို KIO ဌာနချုပ် လိုင်ဇာ အထက်တန်းကျောင်းနှင့် ပါဂျောင်ဘွမ်၊ အလန်းဘွမ်း၊ ဂျာထူကောင်၊ ဂျေယန်း၊ ဖုန်လုံယန် ဒုက္ခသည်စခန်းများ အပါအ၀င် ရှစ်နေရာတွင် KIOမှ ဦးဆောင်၍ အာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြု အခမ်းအနားများ ကျင်းပခဲ့သည်ဟု စစ်ပြေးဒုက္ခသည်များ ကူညီရေး ကော်မတီတာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။



“ကျွန်တော်တို့ လိုင်ဇာဒေသ သက်ဆိုင်ရာဌာန အားလုံး ကျင်းပတယ်။ ကေအိုင်အိုကနေ ကျင်းပတာက ရှစ်နေရာ ရှိတယ်။ ပြည်သူ၊ ဌာနဆိုင်ရာ အားလုံးကို ကျွန်တော်တို့ ကေအိုင်အို ဦးဆောင်ပြီး ဥက္ကဋ္ဌရဲ့အာ ဇာနည်နေ့ အထိမ်း အမှတ် မိန့်ခွန်းကို ဖိတ်ကြားတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

“ဥက္ကဋ္ဌက အမျိုးသားရေးမှာ အသက်ပေးဆပ်ခဲ့တဲ့ အာဇာနည်အားလုံးကို သတိရ ဂုဏ်ပြုရမယ်။ ဒီနေ့က ကျွန်တော် တို့  ပထမဆုံး ဥက္ကဋ္ဌ GOC ဇော်ဆိုင်း ကျဆုံးခဲ့တဲ့နေ့ကို အစွဲပြု၍ ကျဆုံးခဲ့တဲ့ အာဇာနည်အားလုံးကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ် ကျင်းပရတာပါ” ဟု သူက ဆက်ပြောသည်။

လိုင်ဇာဌာနချုပ် အပါအ၀င် သက်ဆိုင်ရာဌာနများ၊ တပ်မဟာအသီးသီးတွင် အာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြု အလေးပြုကြပြီး KIO ဥက္ကဋ္ဌ ဦးလရောက်စောင်းဟရား၏ ငါးမျက်နှာရှိမိန့်ခွန်းကို KIO မှ ဗိုလ် မှူးကြီးဇော်တောင်က ဖတ်ကြား၍ အာဇာနည်များကို အလေးပြုခဲ့ကြခြင်းဖြစ်သည်။

KIO ခေါင်းဆောင်များနှင့် ရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် သြဂုတ်လ ၁၀ ရက်တွင် ကျရောက်သော ၃၈နှစ်မြောက် ကချင်အာဇာနည်နေ့တွင် ရန်သူဘက်မှ သွေးကွဲဖျက်ဆီးနေမှုအား တွန်းလှန်နိုင်ပြီး ကချင်များအားလုံး စည်းလုံးကြရန် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက တိုက်တွန်းထားသည်။

ယနေ့သည် KIO အတွက်သာ မဟုတ်ဘဲ ကချင်တိုင်းရင်းသားများ အားလုံးနှင့် သက်ဆိုင်သဖြင့် ထိုနေ့ကို အောက်မေ့လျက် ဂုဏ်ပြုကြရန်နှင့် ထိုမှ မိမိတို့၏ ကျရာတာဝန် ကျေပွန်အောင် ထမ်းဆောင်သွားကြရန် ပါရှိသည်။

ကျဆုံးခဲ့သော KIO ခေါင်းဆောင်များ၏ ကချင်တော်လှန်ရေးခရီး အောင်မြင်ရန်အတွက် ကိုယ်ကျိုးအတွက် မဟုတ်ဘဲ၊ လာဘ်ပေးလာဘ်ယူမှုများ မရှိစေရန် သတိနှင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုက်သည်။

ထို့ပြင် KIO သည် ကချင်ပြည်နယ်တွင် နေထိုင်နေသော တိုင်းရင်းသားအားလုံးနှင့် မြန်မာနိုင်ငံအတွင်းရှိ လက်နက် ကိုင် တိုင်းရင်းသားများအတွက် ရပိုင်ခွင့်များရရှိရေးအတွက် ကြိုးပမ်းနေပြီး လတ်တလော KIO က နိုင်ငံရေးဆွေးနွေးရန် ငြိမ်းချမ်းရေးလုပ်ငန်း ညှိနှိုင်းအဖြေရှာမည့် အလုပ်အဖွဲ့ (Technical Advisory Team)ကို ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း မိန့်ခွန်းထည့်သွင်း ဖော်ပြသည်။

၁၉၇၅ ခုနှစ်က KIO ပထမဆုံးဥက္ကဋ္ဌ ဗိုလ်ချုပ်လထော်ဇော်ဆိုင်းနှင့်အတူ ညီဖြစ်သူ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် လထော်ဇော်တူးနှင့် အထွေထွေအတွင်းရေးမှူး ဆလန်ကဘားဖုန်ရွှေဇော်ဆိုင်းတို့ သုံးဦးကို မြန်မာ အစိုးရ စေလွှတ်ထားသူတစ်စုက ထိုင်း-မြန်မာနယ်စပ် Thang Ngawk တောင့်တစ်နေရာတွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရ သည်ဟု KIO မှတ်တမ်းများမှ သိရသည်။

၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်က တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိနေရေးအတွက် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သော ကချင်ကျောင်းသား ခုနစ်ဦးထဲမှ သုံးဦးကျဆုံးခဲ့သော နေ့လည်းဖြစ်၍ ထိုနေ့ကို ဂုဏ်ပြုအစွဲပြု၍ အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ကျရောက်သော ကချင်အာဇာနည်နေ့ကို မြန်မာပြည်တွင်းနှင့် ပြည်ပနိုင်ငံများဖြစ်သော မလေးရှားနိုင်ငံ အပါအ၀င် အခြားနိုင်ငံ အများအပြားတွင် ကချင်တိုင်းရင်းသားများက ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများကို ပြုလုပ်ကျင်းပခဲ့သည်။

ဤနေ့တွင် KIO ၏ အမျိုးသားအလံကို တစ်ဝက်သာ လွှင့်ထူထားပြီး ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မဟာ (၄) လက်အောက်ခံတပ်ရင်း (၉) ဒေသတွင် သြဂုတ် ၁၀ ရက် မှာ တိုက်ပွဲတစ်နေရာ ဖြစ်ပွားမှုရှိသည်ဟု ဦးဒွဲပီဆားကပြောသည်။ အသေးစိတ် မသိရသေးပေ။  
Mizzima - News in Burmese
   

No comments: