Thursday, August 29, 2013

Miss Universe ပြိုင်ပွဲ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် မြန်မာ ယှဉ်ပြိုင်မည်


Wednesday, 28 August 2013

ရှရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလအတွင်း (၆၁) ကြိမ်မြောက်အဖြစ် ကျင်းပမည် ဖြစ်သော Miss Universe အလှမယ် ပြိုင်ပွဲကို နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ပြန်လည်ယှဉ် ပြိုင်မည် ဖြစ်ကြောင်း Miss Myanmar Universe Organization တာဝန်ယူထားသော Hello Madam Media Group မှ မန်နေဂျာ ဒေါ်ဆုမြတ် က ပြောကြားသည်။

အဆိုပါ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုသူများသည် အရပ် ၅ ပေ ၆ လက်မ အနည်းဆုံး ရှိရမည် ဖြစ်ပြီး အသက် ၁၈ နှစ် မှ ၂၇ နှစ်အတွင်း ရှိရမည် ဖြစ်ကြောင်း၊ စကားပြော ယဉ်ကျေးသိမ်မွေ့ ရမည့်အပြင် မြန်မာဆန်သော အမျိုးသမီးဖြစ်ရမည်ဖြစ်ကြောင်း၊ အပျိုဖြစ်ရမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ရန်မလိုကြောင်း၊ ယှဉ်ပြိုင်လိုသူများသည် Hello Madam Media Group သို့ဆက်သွယ်၍ ပြိုင်ပွဲ ဝင်ခွင့် လျှောက်လွှာများဝယ်နိုင်ပြီး ဆန်ခါတင် ရွေးချယ်၍ Miss Myanmar Universe ကို ရွေးချယ်မည် ဖြစ်ကြောင်း၊ ရွေးချယ်ခံရသူသည် ဆုငွေ ကျပ်သိန်း ၁၀၀ ကို ရရှိမည် ဖြစ်ပြီး ရှရှားနိုင်ငံ မော်စကိုမြို့ တွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။


“ဒီပွဲကြီးက ကမ္ဘာ့အလှမယ် ပြိုင်ပွဲတွေမှာ အကြီးဆုံး ဖြစ်ပြီးတော့ အဲဒီပွဲမှာ မြန်မာနိုင်ငံက သွားပြိုင် ရမယ်ဆို တော့ အရမ်းကောင်းပါတယ်။ ဒီပွဲ အကြောင်းကိုလည်း ကြားပါတယ်။ အဓိကကတော့ ကိုယ်လည်း သူများ နိုင်ငံမှာ မြန်မာနိုင်ငံကိုယ်စားပြုသွားပြိုင်ရမယ်ဆိုတော့ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီးတော့ အကောင်းဆုံး ယှဉ်ပြိုင်မယ်လို့ စိတ်ထဲမှာထားပြီး သွားပြိုင်စေချင်ပါတယ်”ဟု Miss Grand Myanmarမထားထက်ထက်က
ပြောကြားသည်။

ယခုအချိန်တွင် ပြိုင်ပွဲဝင်ရန် လာရောက် လျှောက်ထားသူများမှာ ၃၀ ဦးခန့် ရှိပြီး သြဂုတ်လကုန်ထိ လျှောက် လွှာတင်နိုင်ကြောင်း၊ စက်တင်ဘာလတွင် လူတွေ့ စစ်ဆေးမည် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အကြီးဆုံး အလှမယ် ပြိုင်ပွဲ၌ မြန်မာနိုင်ငံ ကိုယ်စားပြု Organizer ပြုလုပ်ခွင့်ရ၍ အတိုင်းမသိ ဝမ်းသာကြောင်း Hello Madam Media Group မှ မန်နေဂျာ ဒေါ်ဆုမြတ် က ပြောကြားသည်။

Miss Universe ပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ၁၉၅၉ ခုနှစ်၊ ၁၉၆၀ ပြည့်နှစ်နှင့် ၁၉၆၁ ခုနှစ်တို့တွင် သုံးကြိမ် ဆက်တိုက် သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး ယခု ၂၀၁၃ ခုနှစ်ကျမှ ပြန်လည် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

The Voice Weekly

No comments: