Friday, August 23, 2013

ဆက်သွယ်ရေး လိုင်စင်ရ Ooredoo ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ အမှုဆောင် အရာရှိချုပ် Mr. Ross Cormock နှင့် တွေ့ဆုံခြင်း


Friday, 23 August 2013

ဖုန်းတွေကိုဘယ်အချိန်လောက် ရောင်းချ ပေးမှာလဲ။

ဆက်သွယ်ရေးလိုင်စင်ကျပြီး ခြောက်လ အတွင်း ရောင်းချပေးမှာပါ။ရောင်းတဲ့ အခါမှာလည်း အသံစနစ်နဲ့ အင်တာနက်စနစ် နှစ်ခုစလုံး ပါဝင်မှာပါ။

မိုဘိုင်းဆင်းကတ် အရေအတွက် ဘယ် လောက် အတိုင်းအတာအထိ ထုတ်လုပ်သွားမှာလဲ။
အရေအတွက် ကန့်သတ်မထားပါဘူး။ လိုအပ်ချက် အပေါ် မူတည်ပြီး ထုတ်လုပ်သွားမှာပါ။ လောလော ဆယ်တော့ ငါးနှစ် အတွင်း လူဦးရေ ၉၇ ရာခိုင်နှုန်း ထက်မနည်း ဝန်ဆောင်မှု ပေးသွားဖို့ စီစဉ်ထားပါတယ်။


အဲဒီလို လုပ်ကိုင်တဲ့ အခါမှာ ကုမ္ပဏီ အနေနဲ့ ရှယ်ရာ ကုမ္ပဏီတွေခေါ်ပြီး လုပ်မှာလား။
လက်ရှိလုပ်မယ့် ငါးနှစ်အစီအစဉ်အထိ တော့ Ooredoo ကုမ္ပဏီ တစ်ခုတည်းကပဲ လုပ်ကိုင်မှာပါ။ နောက် ပိုင်းတော့ မပြောနိုင်သေးပါဘူး။

ဖုန်းတွေ ရောင်းတဲ့ အခါမှာရော ဘယ်လို နှုန်းထားနဲ့ ရောင်းမှာလဲ။ ဖုန်းခေါ် ဆိုခကိုရော ဘယ်လောက်ထား ရှိသွားမှာလဲ။

ကျွန်တော်တို့ ဆက်သွယ်ရေး တင်ဒါ တင်သွင်းတုန်းကတော့ ဖုန်းဆင်းကတ် တန်ဖိုး ကျပ် ၁၅ဝဝ၊ တစ်မိနစ် ခေါ်ဆိုခ ၃၅ ကျပ်နဲ့ ၄ဝ ကြား ကောက်ခံမယ်လို့ တင်သွင်းထားပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဖုန်းဆင်းကတ် တွေရောင်းတဲ့ အချိန်ကျရင်တော့ ဒီဈေးနှုန်း ဖြစ်ချင်မှ ဖြစ်မှာပါ။ ပြည်သူတွေ အံ့သြဝမ်းသာတဲ့ နှုန်းထားမျိုး ဖြစ်မှာပါ။ လောလောဆယ်တော့ နှုန်းထားအတည်ပြု မသတ်မှတ်ထားသေးပါဘူး။

အသံနဲ့ အင်တာနက် စနစ် နှစ်မျိုးတစ် ပါတည်းပါမှာ ဆိုတော့ အင်တာနက် အမျိုး အစားက ဘယ်လို အမျိုးအစား ဖြစ်မှာလဲ။ ဘယ်လိုနေရာတွေ အသုံးပြုခွင့်ရမှာလဲ။

အင်တာနက် အမျိုးအစား ကိုတော့ 3G စနစ် လုပ်သွားမှာပါ။ ဘယ်လို နေရာတွေလဲဆိုတော့ တစ်နိုင်ငံလုံး အသုံးပြုနိုင်မှာပါ။ လောလောဆယ် စတင်တဲ့ အချိန် မှာတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့တွေ အရင်ဆုံး ဆောင်ရွက်ပေးသွားမှာပါ။

အသံ စနစ်မှာရော Ooredoo အနေနဲ့ ပြည်တွင်းမှာပဲ ပြောဆိုနိုင်အောင် လုပ်မှာလား။ ပြည်ပ ခေါ်ဆိုမှု ကိုရော ဆက်လုပ်မှာလား။ လုပ်ဖြစ်ရင် ဘယ်တော့စပြီး လုပ်မှာလဲ။

ဖုန်းဆင်းကတ်တွေ စပြီး ရောင်းပေးတဲ့ အချိန်မှာ ပြည်တွင်းရော၊ပြည်ပရော နှစ်မျိုး စလုံး ရရှိအောင် ဆောင် ရွက်ပေးသွားမှာပါ။ ပြည်ပကို ဖုန်းပြောဆိုနိုင်တဲ့ အပြင် သယ်ဆောင် အသုံးပြုခွင့်၊ အင်တာနက် အသုံးပြု ခွင့်တွေပါ ရရှိမှာပါ။ SMS စနစ်လည်း ပါဝင်မှာပါ။

ဘယ်လိုပုံစံမျိုးနဲ့ ဖုန်းဆင်းကတ်တွေ ရောင်းပေးမှာလဲ။

ဆင်းကတ်တွေကို လမ်းဘေး ဈေးဆိုင်တွေ၊ တောရွာတွေ အထိ လွယ်လွယ်ကူကူ ဝယ်နိုင်အောင် ဆောင် ရွက်ပေးမှာပါ။ ပြန်ရောင်းတဲ့သူတွေ အလွယ်တကူ ရောင်းပေး နိုင်မယ့် ငွေဖြည့်ကတ် မိုဘိုင်းဖုန်းကွန်ရက်ကို ဖန်တီးပေးသွားမှာပါ။

တစ်စုံတစ်ရာ ပြဿနာတွေ တက်လာတဲ့အခါ ဆက်သွယ်မေးမြန်းဖို့ အတွက် ဘယ်လို ဆောင်ရွက်မှာလဲ။ ကုမ္ပဏီ ရုံးချုပ်ကိုရော ဘယ်မှာထားရှိမှာလဲ။

ရုံးချုပ် ကိုတော့ ရန်ကုန်မြို့မှာပဲ ထားရှိမှာ ပါ။ အခြား မြို့တွေမှာတော့ အရောင်းဆိုင်တွေ အများကြီး ရှိမှာပါ။ ပြဿနာ တစ်စုံတစ်ခု ပေါ်ရင် အဲဒီဆိုင်တွေမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။

ကုမ္ပဏီအနေနဲ့ ဖုန်းဆင်းကတ်ဝယ်တဲ့ လူတွေအပေါ် ဘယ်လို အခွင့်အလမ်းတွေ ပေးသွားမှာလဲ။

သက်သာတဲ့ နှုန်းထား၊ အကောင်းဆုံး ဝန်ဆောင်မှုတွေအပြင် အလွယ်တကူ ငွေဖြည့်သွင်းနိုင်တဲ့စနစ်၊ မိုဘိုင်းဘဏ်စနစ် စတဲ့အကျိုး ရလဒ်တွေ ရရှိမှာပါ။

အလွယ်တကူ ငွေဖြည့်နိုင်တဲ့စနစ်နဲ့ မိုဘိုင်းဘဏ်စနစ် နှစ်ခုအကြောင်းကို ရှင်းပြပါဦး။

အလွယ်တကူ ငွေဖြည့်နိုင်တဲ့ စနစ် ဆိုတာက ဖုန်းဝယ်ယူထားသူ အနေနဲ့ ကိုယ်တိုင် ငွေဖြည့်သွင်းစရာ မလိုတဲ့ စနစ်ပါ။ ဥပမာ ငွေဖြည့်သွင်းချင်ရင် ငွေဖြည့်ကတ်ပြား မလိုတော့ဘူး။ ဟန်းဆက်တစ်ခုကနေ တစ်ခု
 ငွေလွှဲ ပြောင်းဖြည့်သွင်းပေးတဲ့ စနစ်မျိုးပါ။ ဒီစနစ်ကို ကျွန်တော်တို့ ဆီမှာ ရှိပါတယ်။ နောက်တစ်ခု မိုဘိုင်းဘဏ်စနစ် ကတော့ ဘဏ် အကောင့် ရှိ စရာမလိုဘဲ ကိုယ်ကြိုက်တဲ့ နိုင်ငံကို ငွေလွှဲပြောင်း ပေးနိုင်တဲ့ စနစ်မျိုးပါ။ ဒါတွေကို ကုမ္ပဏီက ဆောင်ရွက်ပေးမှာပါ။

ဖုန်းဆင်း ကတ်လုပ်ငန်းအပြင် ဟန်းဆက် အပိုင်းကိုရော လုပ်ကိုင်ဆောင်ရွက်သွားဖို့ ရှိပါသလား။ ဥပမာ ဟန်းဆက် စက်ရုံတည်တာမျိုးပေါ့။

ဖုန်းဆင်းကတ်တွေ ရောင်းတဲ့ အချိန်မှာ တော့ ဟန်းဆက်တွေကိုပါ တင်သွင်းသွားဖို့ ရှိပါတယ်။ ဆင်းကတ်နဲ့ ဟန်းဆက် တွဲရောင်းတဲ့ ပုံမျိုးပေါ့။ ဟန်းဆက် စက်ရုံတည်၊ မတည် ဆိုတာ တော့ လက်ရှိ အနေအထားနဲ့ မပြောနိုင်သေး ပါဘူး။

လက်ရှိ Ooredoo အနေနဲ့ ဘယ်လို အစီအစဉ်တွေ လုပ်ကိုင်ဆောင်ရွက်နေပါသလဲ။

လောလောဆယ် ဆက်သွယ်ရေး ဥပဒေ ပေါ်ပေါက်လာတာနဲ့ လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ အတွက် လုပ်သားတွေ ခေါ်ယူနေပါတယ်။ ရုံးချုပ်အတွက် နေရာ ရှာနေပါတယ်။ Network တည်ဆောက်ဖို့ Vendor ရွေးချယ်နေပါတယ်။

လုပ်သားခေါ်နေတယ် ဆိုတော့ မြန်မာပြည်က လုပ်သားတွေလား။ အခြားနိုင်ငံက ပညာရှင်တွေလား။ အရေ အတွက် ဘယ်လောက်ခေါ်နေတာလဲ။

မြန်မာပြည်က လုပ်သားတွေပါ။ အရေ အတွက် ကန့်သတ် မထားပါဘူး။ မည်သူမဆို လျှောက်ထားနိုင်ပါ တယ်။ အဓိကတော့ မြန်မာ နိုင်ငံသားတွေ နဲ့ ကုမ္ပဏီတည်ချင်လို့ပါ။

 မြန်မာလုပ်သား စုစုပေါင်း ဘယ်လောက် ခေါ်ယူ အသုံးပြုသွားမှာလဲ။ အခုခေါ်တဲ့ အလုပ်ကရော ဘယ်လို အမျိုးအစားလဲ။

 မြန်မာ လုပ်သား ၉၇ ရာခိုင်နှုန်းလောက် အသုံးပြုသွားမှာပါ။ ခေါ်တဲ့ လုပ်ငန်း အမျိုး အစားကတော့ မျိုးစုံ ပါပဲ။ ဒါ့ကြောင့် ဘယ်သူမဆို လျှောက်နိုင်တယ်လို့ ပြောတာပါ။ ခန့်မယ့်အဆင့်သာ ကွာခြားသွားမှာပါ။

 လုပ်သားရွေးချယ်တဲ့ အခါမှာရော ဘယ်အချက်ကို ဦးတည်ပြီး ရွေးချယ်ခေါ်ယူသွားမှာလဲ။

တော်တဲ့ လူတွေကို ဦးစားပေး ခေါ်ယူမှာပါ။ တော်တဲ့လူဆိုတာက လက်ရှိလုပ်နေကြတဲ့ လုပ်ငန်းတွေမှာ ထူးချွန် ထက်မြက်တဲ့ လူကို ပြောတာပါ။ အဲဒီလို လူတွေနဲ့ပဲ လုပ်ငန်းလုပ်ကိုင်မှာပါ။

အလုပ်ခေါ်နေပြီ ဆိုတော့ ဝန်ထမ်း လစာ ကို ဘယ်လိုပေးမှာပါလဲ။ ဘယ်လောက် နှုန်းထား ဖြစ်မလဲ။ ဒေါ်လာနဲ့ ပေးမှာလား။ မြန်မာကျပ်ငွေနဲ့ ပေးမှာလား။

မြန်မာကျပ်ငွေနဲ့ပဲ ပေးမှာပါ။ လစာ ဘယ်လောက်ပေးမယ်ဆိုတာ လုပ်မယ့်လုပ်ငန်းအပေါ် မူတည်ပါတယ်။ လောလောဆယ်တော့ လစာနှုန်းထားကို မသတ်မှတ်ရသေးပါဘူး။

ဘယ်အချိန်အထိ အလုပ်ခေါ်သွားမှာ လဲ။ ဘယ်နေ့ နောက်ဆုံးဖြစ်မှာလဲ။

အချိန်ကာလ သတ်မှတ်မထားပါဘူး။ လျှောက်လို့ ရပါတယ်။ ခေါ်ထားတဲ့ ဝန်ထမ်း တွေကို သင်တန်းပေးပြီးမှ လုပ်ကိုင်ခိုင်းမှာပါ။ ဒါကြောင့် အလုပ်ခေါ်တဲ့ အချိန်ကို နောက်ဆုံး ရက် မသတ်မှတ်သေးတာပါ။

အလုပ် လျှောက်မယ်ဆိုရင် ဘယ်လို လျှောက်ရလဲ။ ဘာတွေ လိုအပ်ပါသလဲ။
အလုပ်လျှောက်ချင်ရင်တော့ Ooredoo အီးမေးလ်လိပ်စာ ဖြစ်တဲ့ myanmarcareers@ooredoo.com ကို လျှောက်ထား ရမှာပါ။ ဘာတွေ လိုအပ်သလဲဆိုတာ လက်ရှိ ပြည်တွင်းမှာ အလုပ်လျှောက်တဲ့ ပုံစံမျိုးနဲ့ လျှောက်ထားနိုင်ပါတယ်။

Network တည်ဆောက်ဖို့ Vendor ရွေးချယ်နေတယ် ဆိုတော့ တင်ဒါ စနစ်နဲ့ ရွေး နေတာလား။

အဲဒီလိုတော့ မဟုတ်ပါဘူး။ ကိုယ်လုပ်မယ့်Network ကို အကောင်းဆုံးလုပ်မှာဆိုတဲ့အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် Vendor ကိုစိစစ်ရွေးချယ်နေတာပါ။

 မြန်မာနိုင်ငံမှာ ဘယ်လောက်အတိုင်း အတာအထိ ရင်းနှီးမြှုပ်နှံသွားဖို့ ရှိပါသလဲ။

ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံမှာ ၁၅ နှစ်အတွင်း ဒေါ်လာ သန်းပေါင်း တစ်သောင်း ငါးထောင် အထိ မြှုပ်နှံသွားဖို့ ရှိပါတယ်။

ဘာများဖြည့်စွက် ပြောကြားလိုပါသလဲ။

ကျွန်တော်တို့ Ooredoo Myanmar အနေနဲ့ မြန်မာပြည်သူတွေကို ကတိ ၁ဝ ချက်နဲ့ သက်သေပြုပြီး လုပ် ကိုင်ဆောင်ရွက်သွားမှာပါ။ အဲဒါတွေကတော့ လုပ်ငန်းလျင်မြန်စွာ အကောင်အထည် ဖော်မည်၊ ရည်မှန်း ချက် ပမာဏထက် ပိုမိုလွှမ်းခြုံနိုင်ပြီး အဆင်မြင့်နည်းပညာ အသုံးပြုသွားမည်၊ အခြေခံအဆောက်အအုံများ တည်ဆောက်မှုကို တက်ကြွစွာ လုပ်ဆောင်သွားမည်၊ မြန်မာပြည်သူပြည်သားများကို ချိုသာတဲ့ ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးမည်။ အဆင့်မြင့် စီးပွားရေးပေါင်းစည်းလုပ်ငန်းများ SME ဝန်ဆောင်မှုများ ကူညီပေးသွား မည်။ ကမ္ဘာ့ အဆင့်မီ ရာနှုန်းပြည့် မြန်မာအဖွဲ့အစည်း တစ်ခုအဖြစ် တည်ဆောက်မည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ပိုမိုအားကောင်းအောင် ကူညီပေးမည်။ ဘဏ်အကောင့်မရှိသူများကို ဘဏ်လုပ် ငန်းဆိုင်ရာ ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးမည်။ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင် ချက်မှ တစ်ဆင့် ဒေသခံလူ့အဖွဲ့အစည်းများအား ပံ့ပိုးသွားမည်ဆိုတဲ့ အချက်တွေ နဲ့ ဆောင်ရွက်သွားမှာပါ။ ကျေးဇူးတင်ပါတယ်။

Popular Journal

No comments: