Friday, 23 August 2013
ရန်ကုန်မြို့ Central Hotel ၌ နေ့လည် ၁နာရီ တွင် အဆိုတော် ရတနာမိုင်၏ “ပုံရိပ်များ” တေးစီးရီးအသစ် မိတ်ဆက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါမိတ်ဆက်ပွဲကို တေးရေး မင်းချစ်သူ၊ နောင်နောင်(ဆန်းဖလားဝါး)၊ Lazy Club မှ နိုင်ဇော်၊ အဆိုတော် ယုန်လေး တို့တက်ရောက်ခဲ့ပြီး ရတနာမိုင်ကို မုဒိတာစကားများ ပြောပေးခဲ့ကြသည်။
“မေမေမိုင်ရဲ့မူပိုင်ခွေ ဖြစ်ပါတယ် ဒီအခွေက၊ “ပဖဗဘမ” တေးစီးရီးမှာတော့မိုင်လေးကြိုက်တဲ့ပုံစံအတိုင်းပဲ ဆိုခဲ့တာပါ၊ အခုစီးရီးမှာတော့ မေမေကြိုက်တဲ့ပုံစံအတိုင်း သီချင်းတွေကို သီဆိုထားပါတယ်၊”ဟု အဆိုတော် ရတနာမိုင်က ပြောသည်။
ရတနာမိုင်မှာ “ပုံရိပ်များ” စီးရီးအပါအ၀င် တတိယမြောက်စီးရီးထုတ်ဝေခြင်းဖြစ်သည်။ပထမ တေးစီးရီးမှာ “မရှိလို့မဖြစ်”၊ ဒုတိယ တေးစီးရီးမှာ “ပဖဗဘမ” တို့ဖြစ်သည်။
“ပရိတ်သတ်တွေကိုပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ ဒီခွေလေးကို အထူးကြိုးစားပြီးလုပ်ထားပါတယ်၊”ဟု အဆိုတော်ရတနာမိုင် က ပြောသည်။
ထိုစီးရီးကို Lazy Club၊ Hi-Bird၊ Nightingale၊ ခေတ္တလူ့ပြည်၊ Reason Band တို့မှတီးခတ်ပေးထားခြင်း ဖြစ်ပြီး အသံ သွင်းတာကိုတော့ Studio-String မှာ သွင်းထားသည်ဟု သိရှိရသည်။
“သီချင်းအဟောင်းတစ်ပုဒ်ပါပါတယ်၊ မေမေဆိုခဲ့တဲ့ “မလွမ်းပို” သီချင်းကိုလည်း ပုံစံတစ်မျိုးနဲ့ပြန်ဆိုထား ပါတယ်၊ မိန်းကလေး ပုံစံသီချင်း လေးပုဒ်ပါပါတယ် ဒီအခွေထဲမှာ၊ အခုခေတ်စားနေတဲ့ Dupstep အမျိုး အစားနဲ့ဆိုထားတာ လည်းပါပါတယ်” ဟု ရတနာမိုင်က ပြောသည်။
ထိုတတိယမြောက် တေးစီးရီးတွင် သီချင်းပုဒ်ရေ ၁၂ပုဒ်ပါဝင်ပြီး ယုန်လေး၊ အောင်လ တို့ကူညီပါဝင်သီဆို ပေးထားကြောင်း ကိုလည်း သိရှိရသည်။
ပဖဗဘမ စီးရီးထွက်ရှိစဉ်တုန်းက ဗွီစီဒီအဖြစ်ဖြန်ချိခဲ့ခြင်းမရှိပဲ ယခုတတိယမြောက်စီးရီးအား ဗွီစီဒီ ကာရာ အိုကေ ထုတ်လုပ်ဖြန့်ချိသွားမည်ဖြစ်ကြောင်းနှင့် သီချင်းနှစ်ပုဒ်ကို ဗွီစီဒီရိုက်ကူးမှုပြီးစီးနေပြီဖြစ်ကာ တစ်ပုဒ် ကို The sign of love ဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင် ကောင်းမြတ်စံနှင့် ရိုက်ကူးထားကြောင်းသိရသည်။
Shwe Myitmakha Media Group

No comments:
Post a Comment