Friday, August 23, 2013

ကျွန်ကုန်ကူးမှုကို အမှတ်ရခြင်းနှင့် ယင်းစနစ် ဖျက်သိမ်းခြင်းအတွက် နိုင်ငံတကာနေ့


သြဂုတ်လ ၂၃ ရက်
INTERNATIONAL DAY FOR THE REMEMBRANCE OF THE SLAVE AND ITS ABOLITION
Friday, 23 August 2013


ဒီနေ့ကို နှစ်စဉ် သြဂုတ်လ ၂၃ ရက်နေ့တိုင်း ကျင်းပဖို့အတွက် ယူနက်စကိုအဖွဲ့ရဲ့ (၂၉) ကြိမ်မြောက် ညီလာ ခံမှာ သတ်မှတ်ပြဋ္ဌာန်းခဲ့တာပါ။ ယူနက်စကိုအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၉စီ/၄၀ အရ သတ်မှတ် ပြဋ္ဌာန်းခဲ့တာလည်း ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ် ဇူလိုင်လ ၂၉ ရက်မှာ ယူနက်စကိုအဖွဲ့ရဲ့ ဒါရိုက်တာဂျန်နရယ် ဖြစ်သူက ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ ယဉ်ကျေးမှုဝန်ကြီးတွေကို ဖိတ်ကြားဧည့်ခံပြီး အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ကာ ကျွန်ကုန်ကူးခဲ့မှုကြီးကို အမှတ်ရ သင်ခန်းစာယူကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျွန်ကုန်ကူး ခံခဲ့ရတဲ့ ကြေကွဲဖွယ် ဖြစ်ရပ်တွေ၊ ကျွန်ကုန်ကူးခဲ့တဲ့ နည်းလမ်းတွေ၊ ကျွန်ကုန်ကူးမှုရဲ့ အကျိုးဆက်တွေ၊လွန်ခဲ့တဲ့နှစ်ပေါင်း လေးရာကျော် ကာလတုန်းက ယောက်ျား၊ မိန်းမ၊ ကလေးငယ် ၁၅ သန်းကျော် ကျွန်ကုန်ကူးခံခဲ့ရပုံတွေဟာ လူ့သမိုင်းရဲ့ အမှောင်မိုက်ဆုံး သင်ခန်းစာတွေ ထဲက တစ်ခုဖြစ်တယ်ဆိုတာကို အမှတ်ရနေကြဖို့ လိုကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။


၁၇၉၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ ညကနေ ၂၃ ရက်နေ့အထိ ဆန်တိုဒိုမင်ဂို (ယခုခေတ် ဟေတီနဲ့ ဒိုမီနီကန် နိုင်ငံတွေ) မှာ ကျွန်စနစ် ဖျက်သိမ်းဖို့ စုစည်းလှုပ်ရှားတဲ့ ပုန်ကန်ထကြွမှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီပုန်ကန် ထကြွမှုကြီးက အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော် ကုန်ကူးနေတဲ့ ကျွန်ကုန်ကူးမှုကြီးတစ်ခုလုံးကို ဖျက်သိမ်းပစ်စေခဲ့တာပါ။ (ကာရစ်ဘီယန် ကိုလိုနီစနစ်ကြီးကိုလည်း ချည့်နဲ့စေခဲ့ပါတယ်။) ဒါကြောင့်မို့ ဒီနေ့ကို သြဂုတ်လ ၂၃ ရက်နေ့တိုင်း ကျင်းပဖို့ ယူနက်စကိုအဖွဲ့က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်း ကာလတွေတုန်းကတော့ ဒီနေ့ကို နိုင်ငံတချို့မှာသာ ကျင်းပလေ့ ရှိခဲ့ပါတယ်။ ဟေတီနိုင်ငံက ၁၉၉၈ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး ဆီနီဂဲလ်နိုင်ငံကတော့ ၁၉၉၉ ခုနှစ်ကာလမှသာ စတင်ကျင်းပနိုင်ခဲ့ ပါတယ်။ အာဖရိကန်တွေက ငွေကြေးလို သုံးစွဲခဲ့တဲ့ ချည်ထည်ပိတ်ဖြူ အမျိုးအစားတွေလို အထည်သား တွေနဲ့ ပြုလုပ်တင်ဆက်တဲ့ 'Indiennes de Traite' အမည်ရ အနုပညာ ဝပ်ရှော့တစ်ခုကို ဒီနေ့အတွက် အထူးတလည် ရည်ရွယ်ပြီး ပြင်သစ်နိုင်ငံရှိ Mulhouse အထည်အလိပ်ပြတိုက်မှာ ၂၀၀၁ ခုနှစ်က တင်ဆက် ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်ကာလ ကတည်းကပဲ ဒီနေ့ကို စတင်ကျင်းပဖြစ်ခဲ့တဲ့ လစ်ဗာပူးမြို့မှာတော့ ကျွန်စနစ် ရဲ့ဆိုးပြစ်တွေနဲ့ သင်ခန်းစာ ယူစရာတွေကို စေ့စေ့ပေါက်ပေါက် တွေ့ရှိနိုင်မယ့် နိုင်ငံတကာ ကျွန်စနစ် ပြတိုက်ကို လေးနှစ်မြောက်နှစ် (၂၀၀၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့) မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ယူနက်စကိုအဖွဲ့ဝင် နိုင်ငံတွေကတော့ ဒီလိုနေ့ရက်မှာ လူငယ်တွေ၊ ပညာရေး လောကသားတွေ၊ အနု ပညာရှင်တွေနဲ့ ဉာဏလုပ်အားရှင်တွေကို စုစည်းပြီး ယူနက်စကိုရဲ့ ပရောဂျက်တစ်ခုဖြစ်တဲ့ The Salve Route ဆိုတဲ့ အပြန်အလှန် ယဉ်ကျေးမှု မြှင့်တင်ရေးဆိုင်ရာ ပြိုင်ပွဲတွေ ကျင်းပကြပါတယ်။

လူ့သမိုင်းရဲ့ အကြောင်းတရားကနေ အကျိုးတရားတွေ ဆွဲထုတ်ပြီး ကျွန်စနစ်ကို စိတ်ဖြာခွဲခြမ်းကာ အပြန်အလှန် တွေ့ဆုံဆွေးနွေးကြစေဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။ (ကျွန်စနစ် ပိုမိုထွန်းကားခဲ့တဲ့ နယ်မြေဒေသတွေက အာဖရိက၊ ဥရောပ၊ အမေရိကနဲ့ ကာရစ်ဘီယန် နယ်တစ်ကြောပါ။) ဒီနေ့မှာ ပါဝင်ဆင်နွှဲတာဟာ စိတ်ရှည်သည်းခံမှုနဲ့ လူ့အခွင့်အရေးကို မြှင့်တင်ပေး တာနဲ့ အတူတူပါပဲ။ ကျွန်စနစ်ပပျောက်ဖို့ အဘက်ဘက်က ဝိုင်းဝန်းထမ်းရွက်ခဲ့တဲ့ သမ္မတတွေ၊ ခေါင်းဆောင်တွေနဲ့ တခြားသော ပါဝင်ခဲ့သူတွေအားလုံးကို ဂုဏ်ပြုတာလည်း မည်ပါတယ်။

ယခုနှစ် ၂၀၁၃ ခုနှစ်ဟာ ထူးခြားတဲ့ နှစ်ပတ်လည်တွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ပြင်သစ်နိုင်ငံရဲ့ အထွေထွေ လွတ်မြောက်ရေး အမိန့်အာဏာက ဟေတီမှာရှိတဲ့ ကျွန်တွေကို လွတ်မြောက်ခွင့်ပေးခဲ့
တာ နှစ်ပေါင်း ၂၂၀ ပြည့်၊ ကနေဒါနိုင်ငံ၊ ဗြိတိသျှ အနောက်ပိုင်းနဲ့ ဂွတ်ဟုပ်အငူ နယ်မြေတွေမှာ ကျွန်စနစ် ဖျက်သိမ်းမှု အက်ဥပဒေ (၁၈၃၃) နဲ့ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့တာ နှစ်ပေါင်း ၁၈၀ ပြည့်၊ ပြင်သစ်မှာ ကျွန်စနစ် ဖျက်သိမ်းခဲ့တာ ၁၆၅နှစ် ပြည့်၊ အာဂျင်တီးနားမှာ နှစ်ပေါင်း ၁၆၀ ပြည့်၊ ဒတ်ခ်ျကိုလိုနီ နယ်မြေတွေမှာ နှစ်ပေါင်း ၁၅၀ ပြည့်၊ ဘရာဇီးမှာ ၁၂၅ နှစ်ပြည့်၊ အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်း ၁၅၀ ပြည့် စတဲ့နှစ်ပတ်လည်တွေနဲ့ တိုက်ဆိုင်နေတာပါ။

၂၀၁၃ ခုနှစ်အတွက် ဒီနေ့ရဲ့ ဦးတည်ဆောင်ပုဒ်က 'Forever Free: Celebrating Emancipation' ပါ။ ‘ထာဝရ လွတ်လပ်ခြင်းဆိုတာ လွတ်မြောက်မှုကို ကျင်းပနိုင်ခြင်း’ လို့ အနက်ကောက်လိုက်ပါတယ်။

(လူသာမန်)
The Voice Weekly

No comments: