Wednesday, September 18, 2013

လမ်းလျှောက်နိုင်သည့် ကမ္ဘာ့အကြီးဆုံး စက်ရုပ်နဂါးကြီး


 Wednesday, September 18, 2013
ပြဇာတ်များအတွင်းစိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်သောနဂါးကြီးများကိုပုံဖော်ပြသရာ၌လူအများဝင်နေရသည့်အရုပ်ကြီးများကိုအသုံးပြုခဲ့သော်လည်းFannyကမူယင်းထက်ပို၍စမတ်ကျသည်ဟုဆိုနိုင်မည်ဖြစ်သည်။နဂါးကြီးFannyသည်ကမ္ဘာပေါ်တွင်တည်ဆောက်ပြီးသမျှအကြီးမားဆုံးလမ်းလျှောက်နိုင်သည့်စက်ရုပ်ကြီးအဖြစ်သတ်မှတ်ခံထားရကြောင်းသိရသည်။

ဂျာမနီနိုင်ငံရှိ အီလက်ထရောနစ် ကုမ္ပဏီ တစ်ခုဖြစ်သော Zollner Elektronik AGက ယင်းနဂါးကြီးကို ဒီဇိုင်းထုတ် ဖန်တီးခဲ့သည်။ Fannyသည် အမြင့် ပေ(၃၀)ရှိသော စက်ရုပ်ကြီးဖြစ်ပြီး ခြေ(၄)ချောင်းလုံးဖြင့် ဟန်ချက်ညီစွာ လမ်းလျှောက်နိုင်သည်။ ၎င်း၏ အတောင်ပံကြီးများကို ဆန့်ထုတ်လိုက်ပါက အရှည်ပေ(၄၀)ထိရှိနေမည်ဖြစ်သည်။Fannyသည်အာခံတွင်းမှမီးများကိုလည်းမှုတ်ထုတ်နိုင်သည်။၎င်းကိုဒီဇယ်တာဘိုအင်ဂျင် နှစ်လုံးဖြင့် မောင်းနှင်ပြီး အဝေးထိန်း ကိရိယာ (၄)ခုဖြင့် ထိန်းချုပ်နိုင်ကြောင်း သိရသည်။ ထိုစက်ရုပ်ကြီးကို ဂျာမန်ရိုးရာ ပြဇာတ် တစ်ခုဖြစ်သည့် Drachenstichအတွက် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

Fannyကို(၂၀၁၄)ခုနှစ်အတွက် ထုတ်ဝေမည့် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် လမ်းလျှောက်နိုင်သည့် ကမ္ဘာ့အကြီးမားဆုံး စက်ရုပ်ကြီးအဖြစ် စာရင်းသွင်း ဖော်ပြထားသည်။ Drachenstichသည် လွန်ခဲ့သော နှစ်ပေါင်း(၅၀၀)ခန့် ကတည်းကအစဉ်အဆက်ပြောဆိုလာသည့် ယုံတမ်းပုံပြင် တစ်ခုကို အခြေခံထားသည်။ နဂါးကြီး Fanny၏ လှုပ်ရှားလည်ပတ်မှုကို ဟိုက်ဒရောလစ် ပတ်လမ်း(၂) ခုဖြင့် ထောက်ပံ့ပေးထားပြီး ဒီဇယ်ဆီ (၁၆၅)လီတာထိ ဖြည့်တင်းပေး ရသည်။ နဂါးကြီး၏ ကိုယ်ထည်အတွင်းတွင် အရှည် (၂၄၆၅)ပေရှိသည့် ဝါယာကြိုးများ သွယ်တန်းထားသည်။ ထို့အပြင် စင်မြင့် ဖျော်ဖြေမှုများ၌ အသုံးပြုရန် သွေးတု လီတာ(၈၀)ကိုလည်း ထည့်သွင်းပေးထားသည်။

ပြဇာတ်ထဲတွင်လှံဖြင့်အစိုက်ခံလိုက်ရချိန်၌ယင်းသွေးများကိုမှုတ်ထုတ်စွန်းထင်းစေမည် ဖြစ်သည်။ Fanny၏ ခြေထောက်များသည်(၇)ဒီဂရီလှည့်ပတ် လှုပ်ရှားနိုင်ပြီး ယင်းအခြေအနေကြောင့် ထောင့်စွန်းနေ ရာများထိ စည်းချက်ကျကျ ဦးတည် သွားလာနိုင်မည် ဖြစ်သည်။ Zollner Elektronik AGမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက"ဒီစက်ရုပ်ကြီး ဖန်တီးနိုင်တာက တီထွင်သူတွေ၊ ဒီဇိုင်နာတွေ အားလုံးအတွက် တက်ကြွစရာ ဖြစ်ခဲ့ပါတယ်။ Fannyဟာ အဝေးထိန်း ကိရိယာနဲ့ ခြေ(၄)ချောင်းလုံးကို စည်းချက်ညီညီ လှုပ်ရှားအောင် ခိုင်းစေနိုင်တယ်။ ဂျာမနီရဲ့ သက်တမ်းအရင့်ဆုံး ရိုးရာပြဇာတ် တစ်ခုမှာ ခေတ်အမီဆုံး နည်းပညာတစ်ခု ပါဝင်လာတာကတော့ ထူးခြားလွန်းပါတယ်"ဟု မှတ်ချက်ပြု ပြောဆိုသွားသည်။ Fannyကို (၂၀၁၂)ခုနှစ်၊ စက်တင်ဘာ (၂၇)ရက်နေ့တွင် အောင်မြင်စွာ အပြီးသတ် တည်ဆောက်နိုင်ခဲ့သည်။

 Planet Myanmar Network

No comments: