ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ သုဝဏ္ဏဘူမိ လေဆိပ်တွင် တနင်္ဂနွေနေ့ ညပိုင်းက ခရီးသည်တင် လေယာဉ်တစ်စင်း လမ်းကြောင်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
Airbus 330-300 အမျိုးအစား ထိုင်းလေကြောင်းလိုင်းပိုင် လေယာဉ်သည်ရှေ့ဘီးကျိုးသွားရာမှ လမ်းချော် တရွတ်ဆွဲသွားပြီး ခရီးသည် (၁၄)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထိုင်းလေကြောင်းလိုင်းက အဆိုပါ
လေယာဉ်သည် တရုတ်နိုင်ငံ၊ ဂွမ်ဇူမှ စတင်ပျံသန်းလာကာ ခရီးသည် (၂၈၈)ဦးနှင့် အမှုထမ်း (၁၄)ဦး လိုက်ပါလာကြောင်း ပြောကြားခဲ့သည်။
လေယာဉ် လမ်းချော်မှု ဖြစ်ပွားပြီးနောက် အရေးပေါ် လှေကားများကို အသုံးပြုကာ ခရီးသည်များကို ချက်ချင်း ရွှေ့ပြောင်းပေးခဲ့ပြီး ဒဏ်ရာရသူ (၁၄)ဦးကိုလည်း ဘန်ကောက် ဆေးရုံ တစ်ခုသို့ ပို့ဆောင်ပေး ခဲ့ကြောင်း ထိုင်းလေကြောင်းလိုင်းက ဆိုသည်။
"သုဝဏ္ဏဘူမိ လေဆိပ်မှာ ထိုင်းလေကြောင်း ခရီးစဉ်အမှတ် TG 679 ဟာရှေ့ဘီးပြဿနာကြောင့် လမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။ ဂွမ်ဇူးကနေ ပျံသန်းလာတဲ့ လေယာဉ်ဟာ သတ်မှတ်ချိန်အတိုင်း ဒေသစံ တော်ချိန် (၂၃း၀၀)နာရီမှာ ဆိုက်ရောက်ခဲ့ပြီး ပြေးလမ်းပေါ်အဆင်း လေယာဉ်ဘီး ကျိုးထွက်သွားတာ ဖြစ်ပါတယ်"ဟု လေကြောင်းလိုင်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ လေကြောင်းလိုင်းက "အင်ဂျင်ဘေး ညာဘက်ဘီးနားမှာ မီးပွားတွေ ထွက်ခဲ့တာကို သတိပြုမိခဲ့တာလည်း ရှိပါတယ်။ ဖြစ်စဉ်ကို စုံစမ်းနေဆဲပါ"ဟုလည်း ဆိုသည်။
သုဝဏ္ဏဘူမိ လေဆိပ်သည် အာရှတိုက်၏ ခရီးသည် ဝင်ထွက်သွားလာမှု အများပြားဆုံးလေဆိပ်တစ်ခု ဖြစ်ပြီး တစ်နှစ်လျှင် ပြည်တွင်းပြည်ပ ခရီးသွား အရေအတွက် (၅၃)သန်းမျှ အသုံးပြုနေကြောင်း သိရှိ ရသည်။
Planet Myanmar Network

No comments:
Post a Comment