Tuesday, September 10, 2013

ကင်မ်ဂျုံအန်းတွင် သမီးလေးတစ်ဦး ရှိနေပြီဟုဆို

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၌ သမီးလေးတစ်ဦးရှိကြောင်း အမေရိကန် ဘတ်စကက်ဘော ကစားသမားဟောင်း ဒင်းနစ်ရော့ဒ်မန်းက ထုတ်ဖော် ပြောကြားလိုက်သည်။

ရော့ဒ်မန်းသည် ပြီးခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယားသို့ ဘတ်စကက်ဘော သံတမန်ရေးရာ ခရီးစဉ်အဖြစ် ရောက်ရှိခဲ့သည်။ ၎င်းက Guardian သတင်းစာနှင့် အင်တာဗျူးတွင် ကင်မ်၌ သမီးလေး တစ်ဦး ရှိနေပြီး ဂျူအီဟု အမည်ပေးထားကြောင်း ပြောဆိုသွားသည်။ ကင်မ်၏ လူမှုရေး ဘဝသည် လူသိနည်းလွန်းသော လျှို့ဝှက်မှုများ ရှိနေပြီး သမီးလေးတစ်ဦး ရှိနေကြောင်း သတင်းစကားသည် ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရော့ဒ်မန်းက မိမိသည် ကင်မ်တို့ မိသားစုနှင့် ပင်လယ်ကမ်းခြေတွင်တွေ့ဆုံခွင့် ရခဲ့ပြီး ကင်မ်သည် ဖခင်ကောင်းတစ်ဦးဟု မှတ်ချက်ပြု ချီးကျူးခဲ့သည်။

"ကင်မ်နဲ့ ကျွန်တော်တို့ဟာ ပင်လယ်ကမ်းခြေနားမှာ သူ့မိသားစုနဲ့အတူ ခဏအပန်းဖြေခဲ့တယ်။ သူတို့ရဲ့ သမီးလေး ဂျူအီကို ကျွန်တော် ချီခဲ့ပါသေးတယ်။ ပြီးတော့ ကင့်မ်ဇနီးသည်နဲ့လည်း စကားပြောဖြစ်တယ်။ ကင်မ်က ဖခင်ကောင်း တစ်ယောက်ပါ။ သူ့မှာ လှပတဲ့ မိသားစုလေးတစ်ခု ရှိတယ်"ဟု ရော့ဒ်မန်းက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်က ကင်မ်၏ ဇနီးသည် ရီဆိုလ်ဂျူသည် ကိုယ်ဝန်ရှိနေသည်ဟု ယူဆရဖွယ် ဓာတ်ပုံအချို့ ထွက်ပေါ်ခဲ့သော်လည်း မြောက်ကိုရီးယား အစိုးရက တရားဝင် အတည်ပြုချက် မထုတ်ပြန်ခဲ့ ချေ။ ထို့အပြင် ရီသည် ကင်မ်၏ တရားဝင် ဇနီးဖြစ်ကြောင်း (၂၀၁၂)ခုနှစ်၊ ဇူလိုင်လကမှ ကြေညာခဲ့သည်။

ရော့ဒ်မန်းသည် မြောက်ကိုရီးယားသို့ ယခုနှစ်အတွင်း (၂)ကြိမ်တိုင် သွားရောက် လည်ပတ်ခဲ့ပြီးဖြစ်ကာ
(၂၀၁၁)ခုနှစ်က ကွန်မြူနစ် နိုင်ငံ၏အဓိပတိ ဖြစ်လာသူ ကင်မ်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် အမေရိကန် နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ခဲ့သည်။

Planet Myanmar Network

No comments: