Tuesday, September 10, 2013

ဆီးရီးယားကို အမေရိကန် တိုက်ခိုက်မှု ၃ ရက်ဖြင့် အပြီးသတ်ဖွယ်ရှိ


အမေရိကန် ပြည်ထောင်စုအနေဖြင့် ဆီးရီးယားကို စစ်ရေးအရ အရေးယူမှုကို ရက်တိုတိုဖြင့် ပြီးပြတ်အောင် လုပ်ဆောင်ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ရုရှားနှင့် တရုတ်တို့၏ ဆန့်ကျင်မှုကြောင့် ဆီးရီးယား အရေးကို ကုလသမဂ္ဂက ဝင်ရောက် စွက်ဖက်ရန် ခက်ခဲနေသလို အမေရိကန် ပြည်သူ အချို့ ကလည်း စစ်ပွဲအတွက် လိုလားမှု မရှိကြောင်း ဆန့်ကျင်နေသည့်တိုင် သမ္မတ ဘာရတ် အိုဘားမား၏ အစိုးရသည် နာမည်ဆိုးဖြင့် ကျော်ကြားသော သမ္မတ ဘာရှာအာဆက်ဒ်ကို အရေးယူရန် စိုင်းပြင်းလျှက် ရှိသည်။ အမေရိကန် မီဒီယာများက ဆီးရီးယားတွင် ပြည်သူများကို ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့ သည့် အာဆက်ဒ် အစိုးရကို အမေရိကန်က (၃)ရက်သာကြာမည့် စစ်ဆင်ရေး တစ်ရပ်ဖြင့် ဒဏ်ခတ်လာဖွယ်ရှိနေကြောင်း သုံးသပ်ရေးသား ခဲ့ကြသည်။

အာဆက်ဒ် ကိုယ်တိုင်ကမူ မိမိ၏စစ်တပ်သည် ဓာတုလက်နက်များ အသုံးပြုခဲ့ခြင်းမရှိဟု တွင်တွင် ငြင်းဆန် နေသလို အမေရိကန်အနေဖြင့် ဓာတုလက်နက်တိုက်ခိုက်မှု အမှန်တကယ် ဖြစ်ပေါ်ခဲ့ကြောင်း ခိုင်မာသည့် အထောက်အထား မပြသနိုင်ဟု တုံ့ပြန်စွပ်စွဲခဲ့သည်။

"ကျွန်တော့် ပြည်သူတွေကို ကျွန်တော်က ဓာတုလက်နက် အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်ဆိုတဲ့ ခိုင်ခိုင် မာမာ ဘာသက်သေခံမှ မရှိပါဘူး"ဟု ၎င်းက PBS Networkနှင့် အင်တာဗျူးတွင် ပြောကြားသွားသည်။ အာဆက်ဒ်က ၎င်းတို့ အစိုးရ အနေဖြင့် ဓာတုလက်နက်များ ပိုင်ဆိုင်ခြင်း ရှိမရှိ မေးခွန်းကိုမူ အတည်ပြု မဖြေဆိုခဲ့ဘဲ အကယ်၍ ရှိနေခဲ့သည်ဆိုပါကလည်း ဗဟိုက ထိန်းချုပ်ကိုင်တွယ်ထားလိမ့်မည်ဟုသာ မှတ်ချက်ပြုသွားသည်။

ထိုအချိန်တွင် အမေရိကန်အစိုးရ ထိပ်တန်းအရာရှိ နှစ်ဦးက ဆီးရီးယားကို တိုက်ခိုက်မည် ဆိုပါက အမေရိကန်အနေဖြင့် မူလရည်ရွယ်ထားသည်ထက် ပိုမိုပြင်းထန်ပြီး အချိန်တိုတောင်းသော အစီအစဉ် မျိုးကို ရွေးချယ်ဖြစ်လိမ့်မည်ဟု New York Timesသို့ ပြောကြားခဲ့သည်။ အိမ်ဖြူတော်သည် မူလက ဆီးရီးယားကို တိုက်ခိုက်ပါက စစ်ရေးပစ်မှတ်နေရာ (၅၀)ကို ရွေးချယ်ထားသော်လည်း ယခုအခါ စစ်ဆင်ရေးကာလကို လျှော့ချပြီး ပစ်မှတ်အရေအတွက်ကို တိုးမြှင့်ရန် ကြံစည်နေကြောင်းလည်း ၎င်းတို့က ပြောဆိုခဲ့သည်။ အမေရိကန် လွှတ်တော် အမတ်များသည် စစ်ပွဲတွင် မြေပြင်ထိုးစစ် တပ်ဖွဲ့များ အသုံး မပြုဘဲ ရက်ပေါင်း(၉၀)ထက် မကြာမြင့်သည့် သတ်မှတ်ချက်ဖြင့် အိုဘားမားကို ထောက်ခံရန် သဘော တူညီထားသည်။

ပင်တဂွန် စစ်ဌာနချုပ်သည် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးများကို ဖြန့်ကျက် အသုံးပြုရန် စဉ်းစား နေသလို လက်ရှိ မြေထဲပင်လယ်ထဲတွင် အသင့်အနေအထား စစ်ပြင်ထားသော တိုက်သင်္ဘော (၅)စင်း၏ အခန်းကဏ္ဍကိုပါ ထည့်သွင်း တွက်ချက်နေကြောင်း New York Timesက ဖော်ပြခဲ့သည်။

ထိုတိုက်သင်္ဘောများသည် ဆီးရီးယားသို့ ခရုစ်ဒုံးကျည်များ ပစ်ခတ်နိုင်သလို ရေပြင်မှ ဝေဟင်ပစ်ဒုံးကျည် များဖြင့် လေတပ်လွှမ်းမိုးမှုကို အသာစီး ရယူနိုင်စွမ်း ရှိနေသည်။ USS Nimitz လေယာဉ်တင် သင်္ဘော သည်လည်း ခရုစ်သင်္ဘော(၁)စင်း၊ ဖျက်သင်္ဘော(၃)စင်း ခြံရံလျှက် ပင်လယ်နီတွင် ရှိနေရာ အချိန်မရွေး ဆီးရီးယားကို တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။

"တိုက်ခိုက်မှုအတွက် ရွေးချယ်စရာတွေ တော်တော်များများရှိပါတယ်။ ဖြစ်နိုင်တာက တိုက်ခိုက်မှု တစ်ကြိမ် ပြီးတာနဲ့ နောက်ထပ် တိုက်ခိုက်မှုတစ်ခု တရစပ် ရှိနေမယ့် စစ်ဆင်ရေးမျိုးပါ"ဟု ပင်တဂွန်၏ လက်ရှိ ဆီးရီးယားစစ်ဆင်ရေး သုံးသပ်မှုနှင့် နီးစပ်သော အရာရှိတစ်ဦးက New York Timesသို့ ပြောကြားခဲ့သည်။ အိုဘားမားသည် တနင်္လာနေ့တွင် အထင်ကရ အသံလွှင့် ဌာနကြီး (၃)ခုဖြစ်သည့် PBS၊ CNN၊ Fox News တို့နှင့် အင်တာဗျူး အစီအစဉ်အတွက် လက်ခံထားပြီး ယင်းသည် ဆီးရီးယား အရေးအပေါ် ၎င်း၏ အတွေး အမြင်အား အမေရိကန် ပြည်သူများထံ ဦးတည်အသိပေးမှုလည်း ဖြစ်လာနိုင်ကြောင်း သိရှိရသည်။

Planet Myanmar Network

No comments: