Wednesday, September 4, 2013
သမုဒ္ဒရာ ကြမ်းပြင်တွင် တွားသွား လမ်းလျှောက်လေ့ရှိသည့် ငါးမန်းမျိုးစိတ်သစ် တစ်ခုကို အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် သိပ္ပံပညာရှင်များက ရှာဖွေ တွေ့ရှိခဲ့သည်။ သိပ္ပံပညာရပ်တွင် ယခုငါးမန်းသည် မျိုးစိတ်သစ်အဖြစ် မှတ်တမ်းဝင်လာသော်လည်း ဒေသခံ တိုင်းရင်းသားများကမူ အဆိုပါ ငါးမန်းနှင့် ပတ်သက်သော အလေ့အထများကို သိရှိထားနှင့်ပြီး ဖြစ်ကြောင်းလည်း သိရသည်။
သိပ္ပံအမည်HemiscylliumHalmaheraဟုအမည်ပေးထားသောအဆိုပါ ရေနေသက်ရှိသည်ငါးမန်းမျိုးနွယ်ဝင်အဖြစ် သတ်မှတ်နိုင်ပြီး ဟယ်လ်မာဟီရာ အရှေ့ပိုင်းရှိ မာလူကူ ကျွန်းအနီးတွင် တွေ့ရှိရခြင်းဖြစ်သည်။
အင်ဒိုနီးရှားအစိုးရကငါးမန်းမျိုးစိတ်များကိုအကာအကွယ်ပိုမိုပေးအပ်ရန်နှင့် ရေနေသက်ရှိများလာရောက်လေ့လာသည့် ကမ္ဘာလှည့် ခရီးသွား အရေအတွက်ကို တိုးမြှင့်ရန် လုပ်ဆောင်နေချိန်နှင့် ယခုတွေ့ရှိမှုမှာ အချိန်ကိုက် တိုက်ဆိုင်လျှက်ရှိသည်။
emiscyllium Halmahera ငါးမန်းမျိုးသည် ပင်လယ်ကြမ်းပြင် အနှံ့အပြားတွင် လမ်းလျှောက်သွားလာပြီး အစာရှာလေ့ ရှိကြောင်း သိရသည်။ ၎င်း၏ သဘာဝ အလေ့အထကို ရေအောက် ကင်မရာများဖြင့် မှတ်တမ်းတင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အစက်အပြောက်များ ပါရှိသော ငါးမန်းသည် Bamboo Shark မျိုးနွယ် ငါးမန်းများနှင့် ဆက်စပ်မှုရှိပြီးရှေ့ဘက် ရေယက် (၄)ခုကို အသုံးပြုကာ ပင်လယ် ကြမ်းပြင်အောက်တွင် လမ်းလျှောက် သွားလာလေ့ရှိသည်။ ခန္ဓာကိုယ် အရှည် (၂၇)လက်မ အရွယ်ထိ ကြီးထွားလာနိုင်သော ယင်းငါးမန်းမျိုးသည် လူသားများကို အန္တရာယ် မပြုချေ။ ၎င်းတို့သည် တစ်ကောင်နှင့်တစ်ကောင် အတန်ငယ် အရောင်ကွာခြားမှု ရှိနိုင်ကြောင်းလည်း သိရသည်။ ယင်းတို့သည် ညပိုင်းတွင် အဓိက အစာရှာလေ့ရှိပြီး ငါးငယ်လေးများ၊ ကျောရိုးမဲ့ရေသတ္တဝါငယ်များကို ပစ်မှတ်ထားလေ့ ရှိကြောင်း သုတေသီများက ဆိုသည်။
သန္တာကျောက်တန်းများနှင့် ဆက်စပ်သော သဘာဝ သက်ရှိများဆိုင်ရာ ပညာရှင် မာ့ခ်အာ့ဒ်မန်းနှင့် အဖွဲ့က ဗီဒီယို မှတ်တမ်းတင်နိုင်ခဲ့သည့် ငါးမန်းမျိုးစိတ်သစ်တစ်ခု တွေ့ရှိမှုအတွက် စိတ်လှုပ်ရှားမိကြောင်း ပြော
ကြားခဲ့သည်။ "မာလူကူ ကျွန်းနဲ့ အနီးတဝိုက်မှာ ငါးမန်းမျိုးစိတ်တွေ အမျိုးမျိုး ရှိနေနိုင်တာကို သိပါတယ်။ ဒါပေမဲ့ ခုတစ်ကြိမ်ကတော့ ရေငုပ်လေ့လာမှုတွေ ပြုလုပ်ပြီးတဲ့နောက်ပိုင်း ပထမဆုံး တွေ့ရှိတဲ့ မျိုးစိတ်သစ်
ပါပဲ"ဟု အာ့ဒ်မန်းက မှတ်ချက်ပြုခဲ့သည်။ Hemiscyllium Halmahera မတိုင်မီက ယင်းနှင့် သဘောသဘာဝ ဆင်တူသည့် ငါးမန်းမျိုးစိတ် အချို့ကို ရှာဖွေ တွေ့ရှိနှင့်ပြီး ဖြစ်သည်။ ယခုငါးမန်းမျိုးမှာမူ ပိုမိုပြတ်သားသည့် ကျားသစ်ကွက် ကိုယ်ထည်မျိုးရှိပြီး မေးအောက်ဘက်တွင် အထင်ရှားဆုံး အစက်အပြောက်များ ရှိနေကြောင်းလည်း သိရှိရသည်။
Planet Myanmar Network

No comments:
Post a Comment