Wednesday, September 4, 2013
မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲသမိုင်းတွင်ထင်ရှားသည့်လူထုလှုပ်ရှားမှုတစ်ခုဖြစ်သော၁၃၀၀ပြည့်အရေးတော်ပုံစိန်ရတုအခမ်းအနားကိုဒီဇင်ဘာလအတွင်း ချောက်မြို့နှင့်ရန်ကုန်မြို့တို့တွင်ကျင်းပမည် ဖြစ်ကြောင်း၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဌေးမောင် (စာရေးဆရာနတ်မှူး) က ပြောကြားသည်။
ဗြိတိသျှပိုင်ဘီအိုစီရေနံကုမ္ပဏီကိုဆန့်ကျင်ဆန္ဒပြသည့် ရေနံမြေသပိတ်တပ်ဖွဲ့ဝင်များ ချောက်မြို့မှရန်ကုန်မြို့သို့စတင်ချီတက်သည့်နတ်တော်လဆန်း၉ရက်နေ့(ဒီဇင်ဘာလ၁၁ရက်)ကိုစိန်ရတု နေ့အဖြစ် ရွေးချယ်သတ်မှတ်ထားကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
ချောက်မြို့၌ ချောက်ရေနံမြေ အရေးတော်ပုံ စိန်ရတုကို ကျင်းပရန် လွန်ခဲ့ သည့်နှစ်လခန့်ကစတင်စီစဉ်ခဲ့ပြီး အခမ်းအနားကျင်းပခွင့်အတွက်အစိုးရထံမှခွင့်ပြုချက် တောင်းခံထားဆဲဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင် ဒေါက်တာမောင်မောင်ကျော်က ပြောကြားသည်။
၁၃၀၀ပြည့်အရေးတော်ပုံ စိန်ရတု အခမ်းအနားကို မူလက နိုင်ငံတော်အဆင့် အခမ်းအနားတစ်ရပ်အဖြစ် ကျင်းပရန် ရည်ရွယ်သော်လည်း အစိုးရက ခွင့်ပြုမပြု မသေချာ၍ ကိုယ်ပိုင်အစီအစဉ်ဖြင့်သာ ကျင်းပသွားမည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တက်ရောက်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
"ဦးနေဝင်းခေတ်မှာတောင် မေဒေးနေ့အခမ်းအနားကို ချောက်မှာကျင်းပတယ်။ခုပွင့်လင်းတဲ့ခေတ် ရောက်ပြီ ဆိုတော့ အရေးတော်ပုံစိန်ရတုကို အောင်အောင်မြင်မြင် ကျင်းပခွင့်ရချင်တယ်" ဟု ဒေါက်တာ ဌေးမောင် က ဆိုသည်။
ချောက်မြို့၌ကျင်းပရန်စီစဉ်ထားသည့်၁၃၀၀ ပြည့်အရေးတော်ပုံမှာ မြန်မာတစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့်အတွက် ရန်ကုန်မြို့မှစာပေ၊ရုပ်ရှင်၊ နိုင်ငံရေးနယ်ပယ်အသီးသီးအပါအဝင်ရန်ကုန်တွင် ရောက်ရှိနေသော ချောက်မြို့သူမြို့သားနှင့် ညှိနှိုင်းပြီး ရန်ကုန်မြို့တော်တွင် တစ်ပြိုင်နက် ကျင်းပရန်စီစဉ်နေကြောင်း၎င်းကဆက်လက်ပြောကြားသည်။
စိန်ရတုအခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပရန် လျာထားပြီး အရေးတော်ပုံ အောက်မေ့ဖွယ်နှင့် စာပေဟောပြောပွဲများ ပါဝင်မည်ဖြစ်ကာ ရေနံမြေသပိတ် ခေါင်းဆောင် တစ်ဦးဖြစ်သူသခင်ဖိုးလှကြီးရုပ်တုကို ချောက်မြို့၌ဖွင့်လှစ်နိုင်ရန်ရည်မှန်းထားကြောင်း ဒေါက်တာမောင်မောင်ကျော်က ပြောဆိုသည်။
ဘီအိုစီ ရေနံကုမ္ပဏီက လုပ်သားများ၏ ဘာသာရေး အလုပ်ပိတ်ရက် လျှော့ချခြင်း၊ တောင်းဆိုချက်များ မလိုက်လျော ပေးခြင်းနှင့် ဘီအိုစီ မော်တော်ယာဉ်ဌာနမှ သခင် ခင် ကို အလုပ် ထုတ်ပစ်ခြင်းတို့ကြောင့် ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ဘီအိုစီ ရေနံမြေသပိတ်ကြီး ပေါ်ပေါက်ခဲ့ကာ ယင်းကို ၁၃၀၀ ပြည့် အရေးတော်ပုံအဖြစ် သတ်မှတ် ခဲ့ကြသည်။
The Voice Weekly
No comments:
Post a Comment