Monday, September 09, 2013

ဒေသတွင်း နိုင်ငံများနှင့်ယှဉ်လျှင် ခေတ်နောက်ကျနေပြီး တိုးပွားလာသည့် မြို့ပြလူဦးရေနှင့် လိုက်လျောညီသည့် အများသုံး ယာဉ်စနစ် မရှိခြင်းအပေါ် ပြည်သူများ ဝေဖန်



Monday, September 9, 2013 
ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင်ခေတ်နောက်ကျနေပြီးတိုးပွားလာသည့်မြို့ပြလူဦးရေနှင့်လိုက်လျောညီသည့်အများသုံးယာဉ်ပို့ဆောင်ရေးစနစ်မရှိခြင်းအပေါ်ပြည်သူများကဝေဖန်လျက်ရှိကြောင်းသိရသည်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကအစိုးရသတင်းစာတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကစက်တင်ဘာ၂၂ရက်နေ့ကိရန်ကုန်မြို့၌ကိုယ်ပိုင်မော်တော်ယာဉ်များမသုံးရနေ့အဖြစ်သတ်မှတ်မည်ဟုဖော်ပြပြီးနောက်ပိုင်းတွင်ယင်ကဲ့သို့ မြန်မာနိုင်ငံရှိခေတ်မမီသည့်အများသုံးယာဉ်စနစ်အပေါ်ဝေဖန်မှုများ ပိုမိုထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။“အဆင်မပြေတာတွေများတယ်။


ကားတွေကောင်းလာပေမယ့်လမ်းတွေကမကောင်းဘူး။ခုနောက်ပိုင်းကားတွေကအရင်ကားအို ကြီးတွေလောက်မဆိုးတော့ဘူးပြောတာ။နောက်ပြီးလမ်းတွေသာမပြင်နိုင်တာ။လမ်းတွေကကျပ်မြဲပဲ။ အဓိကကတော့ မြို့တွင်းကနေ ဆင်ခြေဖုံးကို သွားတဲ့လမ်းတွေက ပြင်လည်းခဏပဲ။ နောက်ပြီးလမ်းတွေက မိုးလေးနည်းနည်းရွာတာနဲ့ ရေလျှံပြီ။အဲဒီအချိန်မျိုးဆိုရင်ဆင်ခြေဖုံးမှာနေတဲ့သူတွေအတွက် သိပ်စိတ်ညစ်ရတယ်။လမ်းတွေကလည်းပြင်ကတည်းကအရည်အသွေးကမကောင်း၊ လူတွေက စည်းကမ်းမဲ့၊ ကားတွေကတန်ချိန်အပိုတွေတင်၊မောင်းတဲ့နေရာမှာစည်းကမ်းကလည်းမရှိ၊ခရီးသည်တွေကအသက် ဖက်နဲ့ထုပ်ထားရတယ်”ဟုရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းတွင်နေထိုင်သူမနှင်းဟေမာန်ကပြောကြားသည်။

 မြန်မာနိုင်ငံအနေဖြင့်ဒေသတွင်းနိုင်ငံများဖြစ်သောထိုင်း၊စင်ကာပူ၊ မလေးရှား စသည့်နိုင်ငံများ တွင်ရှိသော ခရီးသည်တင်ပို့ဆောင်ဆက်သွယ်ရေးစနစ်နှင့်အစိုးရမှလုပ်ဆောင်ပေးမှုများဖြင့်နှိုင်းယှဉ်လျှင်များစွာကွာခြားမှုရှိနေသည်ကိုလည်းကျွမ်းကျင်သူများကထောက်ပြဝေဖန်မှုများရှိလာခဲ့သည်။ရန်ကုန်မြို့တွင်သွားလာနေသူများအနေဖြင့်အချိန်ကြာမြင့်စွာကုန်ဆုံးနေရမှုမှာယာဉ်ကြောကျပ်တောက်မှု၊ယာဉ်နှင့်လမ်းမမျှမှု၊မြို့ပတ်ရထားများကိုပြည်သူအများစုအားကိုးနိုင်ခြင်းမရှိမှုကြောင့်ဖြစ်သည်။ကားမကောင်းလို့ရထားစီးမယ်ဆိုတော့လည်းမြို့ပတ်ရထားကတော့ရထားမပျောက်ရင်ကောင်းပါတယ်။ရထားပျောက်တယ်ဆိုတာကပျက်တာ၊လမ်းချော်တာတို့၊နောက်ပြီးရှေ့ကရထားကလမ်းချော်လို့ ပိတ်နေတာမျိုးတွေပေါ့။ တစ်လမှာတစ်ခါ နှစ်ခါလောက်တော့ ဖြစ်တယ်။ တစ်ခါတလေလည်း ရထားလမ်း ရေကျော်လို့ ရထားသွားမရတော့ဘူး။ ဒါပေမဲ့စီးရတာနည်းနည်းစိတ်ချမ်းသာတယ်။ရထားကျပ်တယ်ဆိုပေမယ့်လိုင်းကားလိုမျိုးမဟုတ်ဘူး။မြို့ပတ်ရထားလမ်းကိုလက်ရှိမှာရှိနေတာတွေကိုအဆင့်မြင့် နေတာတင်မကဘူး၊ မရှိတဲ့ နေရာတွေကို လည်း ရထားလမ်းဖောက်ပေး၊ ပြေးပေးသင့်ပါတယ်။ရထားလမ်းမပေါက်တော့လည်းကားနဲ့ပဲကြိတ်မှိတ်ပြီးသွားပေါ့”ဟုနေ့စဉ်ရန်ကုန်မြို့တွင်းသို့ လာရောက် အလုပ်လုပ်ကိုင်သူလှိုင်သာယာမှကိုကျော်မျိုးကပြောကြားသည်။

 လက်ရှိတွင်ရန်ကုန်မြို့တွင်းပြေးဆွဲနေသောမထသလက်အောက်ရှိယာဉ်လိုင်းများမှာစုစုပေါင်း၁၂၀ ခန့်ရှိပြီး ယာဉ်အစီးရေ ၂၀၀၀ ကျော် ရှိသော်လည်း နေ့စဉ် အများသုံး ယာဉ်များကို အားပြုသွားလာ နေကြ သူများမှာ သိန်းနှင့်ချီ၍ ရှိလာသည့်အတွက် ယာဉ်နှင့် ခရီးသည် အချိုးမညီမှုများ ဖြစ်လာခြင်း ဖြစ်သည်။ ထို့ပြင် အစိုးရသစ် လက်ထက်၌ အများပြည်သူ သယ်ယူပို့ ဆောင်ရေး လုပ်ငန်းများကို တိုးတက် ကောင်း မွန်အောင် ဆောင်ရွက်လျက် ရှိနေသော်လည်း လမ်းစနစ်များ ခိုင်မာသည့် မဟာဗျူဟာစီမံကိန်းများကို ချမှတ်နိုင်ခြင်းမရှိသည့်အတွက် အောင်မြင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။ ဒေသတွင်း နိုင်ငံများ ကဲ့သို့လည်း မိုးပျံလမ်းများ၊ မိုးပျံရထား စီမံကိန်းများ မရှိသည့်အတွက် ခရီးသည်များ အနေဖြင့် အများသုံး ဘတ်စ်ကားများကိုသာအဓိကအားပြုနေကြရသည်။“ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးစနစ်ကို ပြောရရင်တော့ဂျပန်နိုင်ငံကကားအစီးရေ၃၀၀၀ ကျော်နဲ့ ပြေးဆွဲဆောင်ရွက်မယ် ဆိုတဲ့ သတင်းတွေ၊ JICA ကလည်း ရန်ကုန်တိုင်း ဒေသကြီးက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲ ဖို့အတွက် မြေပြင် အခြေအနေတွေကို ကွင်းဆင်းလေ့လာ နေတယ်ဆိုတဲ့ သတင်းတွေ၊ နောက်ပြီးရန်ကုန်မြို့ သယ်ယူ ပို့ဆောင်ရေး အတွက်ကို အာဏာပိုင်အဖွဲ့ ဖွဲ့ပြီးတော့မှ သယ်ယူပို့ဆောင်ရေး စနစ်တွေကို ပြုပြင်ပြောင်းလဲ လာအောင် ဆောင်ရွက်မယ့် သတင်းတွေ၊ အခု ထပ်မံပြီးတော့မှ BRT စနစ်နဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးမယ် ဆိုတဲ့ စနစ်တွေကို ကြားသိနေရတာပေါ့။ ဒါပေမဲ့ လက်ရှိစနစ်တွေကို ပြုပြင်ပြောင်းလဲ လာနိုင်တဲ့ အနေအထားကို ရှိသလား ဆိုရင်တော့ မရှိသေးတာကို သွားတွေ့ရတယ်။ အဲဒီအတွက် ခရီးသည်တွေက ပိုပြီးအခက်အခဲတွေကို ကြုံတွေ့နေရတာကို တွေ့ရတယ်။ ရန်ကုန်မြို့ရဲ့သယ်ယူပို့ဆောင်ရေးအနေအထားမှာမီးရထားထက် ခရီးသည်တင် ယာဉ်တွေကို ဦးစားပေးပြီး သွားလာနေရတယ်။အဲဒီအနေအထားမှာခရီးသည်တင်ယာဉ်တွေကိုအသစ်လဲလှယ်ပေးနိုင်တဲ့ အလွန်ရာခိုင်နှုန်းနည်းနေသေးတာကိုတွေ့ရတယ်။ဒါကြောင့်လက်ရှိကားတွေကိုပြင်ဆင်ပြီးတော့ ပြေးဆွဲနေရတဲ့အပေါ်မှာခရီးသည်တွေသွားလာစီးနင်းနေကြရတယ်။အဲဒီလိုစီးနင်းနေရအခုချိန်မှာ ယာဉ်တွေရဲ့ စက်စွမ်းအားတွေ၊ ကြံ့ခိုင်မှုပိုင်း ကျသထက် ကျလာတာကိုပဲ ခရီးသွားတွေက ဒုက္ခခံပြီး စီးနင်းနေရတဲ့အပြင်ကိုယ်ပိုင်ယာဉ်တွေ၊အငှားယာဉ်တွေကိုအဆမတန်တင်သွင်းလာမှုများတဲ့အတွက် ယာဉ်ကြောပိတ်ဆို့ မှုတွေကြောင့် အရင်က နာရီဝက်နဲ့ ရောက်နိုင်တဲ့ ခရီးကို တစ်နာရီ၊ တစ်နာရီခွဲလောက် အချိန်ကြန့်ကြာနေရတဲ့ဒုက္ခတွေကိုပါထပ်ပြီးကြုံတွေ့ ကြရတယ်”ဟုသယ်ယူပို့ဆောင်ရေးအလုပ်သမား အဖွဲ့မှတာဝန်ရှိသူတစ်ဦးကသုံးသပ်ပြောကြားသည်။

 ယာဉ်တွေရဲ့ စက်စွမ်းအားတွေ၊ကြံ့ခိုင်မှုပိုင်းကျသထက်ကျလာတာကိုပဲခရီးသွားတွေကဒုက္ခခံပြီး စီးနင်းနေရတဲ့အပြင်ကိုယ်ပိုင်ယာဉ်တွေ၊အငှားယာဉ်တွေကိုအဆမတန်တင်သွင်းလာမှုများတဲ့အတွက် ယာဉ်ကြောပိတ်ဆို့ မှုတွေကြောင့် အရင်က နာရီဝက်နဲ့ ရောက်နိုင်တဲ့ ခရီးကို တစ်နာရီ၊ တစ်နာရီခွဲလောက် အချိန်ကြန့်ကြာ နေရတဲ့ ဒုက္ခတွေကိုပါ ထပ်ပြီးကြုံတွေ့ ကြရတယ်... ရန်ကုန်မြို့အပြင် အခြားပြည်နယ်နှင့် တိုင်းများ၌လည်းအများသုံးယာဉ်ပို့ဆောင်ရေးစနစ်အားကောင်းရန်ပြည်သူများက လိုလားလျက် ရှိကြသည်။ အထူးသဖြင့်မြန်မာနိုင်ငံ၏မြို့ကြီးတစ်မြို့ ဖြစ်သောမန္တလေးတွင်အများသုံးယာဉ်စနစ်ပီပီပြင်ပြင် ပေါ်ထွက်လာရန်နှင့်မြို့ပတ်ရထားပို့ဆောင်ရေးလုပ်ငန်းပြန်လည်ပေါ်ပေါက်လာရန်လိုအပ်ကြောင်း ဝေဖန်သုံးသပ်မှုများလည်းရှိလာသည်။“တစ်ဦးချင်းသယ်ယူပို့ဆောင်ရေးဖြစ်တဲ့ဆိုင်ကယ်၊စက်ဘီး အသုံးပြုမှုများတာမို့ မြို့တွင်းပြေးဆွဲနေတဲ့ယာဉ်လိုင်းတွေ၊မီးရထားခရီးစဉ်တွေဟာအသုံးမ၀င် သလောက်ပဲ။အရင်က မြို့တွင်းအဓိက လမ်းမတွေနဲ့ ဈေးချို ဗဟိုပြု ပြေးဆွဲတဲ့ ဓာတ်ရထားဆိုတာ ရှိခဲ့တယ်။တကယ်လည်းအသုံးဝင်ခဲ့တယ်။ခုတော့ ယာဉ်ကြောရှုပ်ထွေး မှုတွေများလာပြီး ဆိုင်ကယ်ပါဝင်တဲ့ ယာဉ်မတော်တဆ မှုကြောင့် နှစ်ရက်ကို တစ်ဦးနှုန်းလောက် သေဆုံးနေတယ်” ဟု မန္တလေးမြို့ခံ တစ်ဦးက ဆိုသည်။

 “အရင်ကမန္တလေး-မတ္တရာမီးရထား ခရီးစဉ်ကို နန်းတွင်းထဲကနေဖြတ်ပြီး ပြေးဆွဲတယ်။ ၁၉၉၀ လောက်မှာ နန်းတွင်းထဲကနေပြေးဆွဲခြင်းမပြုတော့ဘဲအရှေ့ မြို့ပတ်ရထား၊အနောက်မြို့ပတ်ရထားဆိုပြီး ရထားနှစ်စင်းပြေးဆွဲဖူးတယ်။၁၉၉၅-၉၆ ခုနှစ်လောက်မှာအနောက်မြို့ပတ်ရထားလမ်းကို ဖျက်သိမ်းလိုက်ပြီးမြို့ပတ်ရထားပြေးဆွဲခြင်းကိုလည်းရပ်နားခဲ့တယ်”ဟုမြို့ခံအသက်၆၀ အရွယ် ဦးကျော်ညွန့်က ပြောကြား သည်။ မန္တလေးမြို့တွင် သယ်ယူပို့ဆောင်ရေးနှင့် သွားလာရေးအတွက် မြို့တွင်း ပြေးဆွဲနေသောဘတ်စ်ကားလိုင်းများမှာ နံပါတ်စဉ် ၁ မှ ၃၈ အထိရှိပြီး ယင်း ၃၈ လိုင်း အတွင်း၌ မှန်လုံယာဉ်ဖြင့်ပြေးဆွဲသောယာဉ်လိုင်းတစ်လိုင်းသာပါဝင်ကာ အများစုမှာ ဒိုင်နာများ၊ လိုက်ထရပ်ကားများ အသုံးပြုပြေးဆွဲလျက်ရှိပြီး ယခုအခါ အဆင့်မြင့် အငှားယာဉ် လိုင်းများလည်း တိုးချဲ့ပြေးဆွဲ လျက်ရှိကြောင်း သိရသည်။

 ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ပြည်သူများ သွားလာရေး အခက်အခဲ အဆင်မပြေ ဖြစ်နေသည့် အချိန်တွင် မြို့ပတ်ရထားများအပေါ် ပိုမိုအားပြု လာသော်လည်း နိုင်ငံတကာနှင့်ယှဉ်လျှင် အဆင်မပြေမှုများ ရှိနေခြင်း၊ ပြေးဆွဲနေသည့် ရထားအစင်းရေ နည်းပါးနေသေးခြင်း၊ အချိန်မမှန်ခြင်း များကြောင့်လည်း ပြည်သူများ အနေဖြင့်အခက်အခဲများနှင့်ရင်ဆိုင်ကြရသည်။ရန်ကုန်မြို့ခံတစ်ဦးဖြစ်သူကုမ္ပဏီဝန်ထမ်းမမြမြသွေးကလည်းရထားကိုခေါက်ရေများများပြေးဆွဲပေးလာမယ်ဆိုရင်ခရီးသွားတွေအတွက်အနည်းငယ်တော့အဆင်ပြေသွားလိမ့်မယ်လို့ ယူဆရပါတယ်။အဓိကကလည်းခရီးသွားတွေက ကားနဲ့သွားတာထက်ကို ရထားနဲ့က ဈေးနှုန်းကုန်ကျမှုသက်သာသလိုအချိန်အများကြီးဆုံးရှုံးမှုသက်သာလာတယ်လေ။ရထားကလမ်းပိတ်ဆို့မှုမရှိတော့အချိန်မီသွားနိုင်လာတယ်။

 နောက်တစ်ခုက ယာဉ်လုပ်သားတွေနဲ့ ခရီးသည်တွေကြားက ပြဿနာတွေလည်း ရင်ဆိုင်စရာ မလိုတော့ဘူး။ ရထားက ရာခိုင်နှုန်း တချို့တစ်ဝက်လောက် အဆင်ပြေသွားမယ်လို့ ယူဆတယ်။ အခု အကောင်အထည်ဖော် ဆောင်ရွက်လာမယ့် တကယ့် စစ်မှန်တဲ့ BRT စနစ်နဲ့ ပြေးဆွဲပေးနိုင်မယ်။ မြေအောက် ရထားလမ်းတွေကို ဖော်ထုတ်ပြီးတဲ့အခါ မီးရထား သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကိုလည်း တိုးချဲ့ပြီး အဆင်ပြေအောင် ဆောင်ရွက် ပေးလာမယ့် အချိန်ကျရင်တော့ ရန်ကုန်မြို့ ခရီးသွားတွေအတွက် အဆင်ပြေမယ်ချောမွေ့သွားနိုင်မယ်လို့ ယူဆရပါတယ်”ဟုသုံးသပ်ပြောကြားသည်။ လက်ရှိ ပြေးဆွဲနေသော မြို့ပတ်ရထားများ၏ အခြေအနေနှင့် ပတ်သက်ပြီး ရန်ကုန်ဘူတာကြီးမှ ဒုမန်နေဂျာ တစ်ဦးကလည်း “မြို့ပတ်ရထားကို တွဲဆိုင်း ၂၁ ဆိုင်းနှုန်း၊ ခေါက်ရေ ၂၀၀ နှုန်းနဲ့ နေစဉ် ပြေးဆွဲပေးနေတယ်။ ရထားထွက်တဲ့ အချိန်က ပုံသေတော့မရှိဘူး။ မနက်ရုံးတက်ချိန်၊ အလုပ်သွားချိန် တွေမှာ စိပ်တတ်ပြီး ညနေရုံးဆင်း ချိန်တွေမှာလဲရထားထွက်တာ စိပ်တယ်။ 

ယာဉ်ကြော ကျပ်တည်းတာတွေ အရင်ထက် ပိုဆိုးလာတဲ့အတွက် မြို့ပတ်ရထားမှာ ခရီးသည်တွေတော့ ပိုများလာတယ်” ဟု ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် လိုအပ်ချက်များ ရှိနေခြင်းမှာ ပြည်သူများ၏ နေ့စဉ် လူနေမှုဘ၀ကို များစွာသက်ရောက်မှု ရှိနေပြီး မိသားစုဘ၀ အတွက် ပင်ပန်းစွာ ပိုမိုလှုပ်ရှား ရုန်းကန်နေကြရ ခြင်းလည်း ဖြစ်သည်။ ထို့အတွက် မြန်မာနိုင်ငံ၏ အများသုံး ယာဉ်စနစ် အလျင်အမြန် ပြုပြင်နိုင်ရန် အတွက်လည်း နယ်ပယ်အသီးသီးမှ ၀ိုင်းဝန်းတောင်းဆိုမှုများ ပြုလုပ်လာကြသည်။ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့အစည်းမှမမာမာဦးကလည်း “ကားတွေကျပ်တာ၊ ရထားတွေ အချိန်မမှန် တာတွေက လူတန်းစား အလွှာအသီးသီးအတွက် အခက်အခဲ ဖြစ်စေတယ်။ ၀န်ထမ်း ဆိုရင်လည်းကားကျပ်တာတွေကြောင့် အလုပ်နောက်ကျတယ်။ လုပ်ငန်းခွင် အဆင်မပြေမှုတွေကို ကြုံတွေ့နေရတယ်။ ခုံးကျော်တံတားတွေ ဆောက်ပြီး သွားရင်လည်း နောက်တစ်နေရာမှာ ယာဉ်ကြော ကျပ်လာတယ်။ ၀င်လာတဲ့ ကားတွေနဲ့ ရှိနေတဲ့ လမ်းတွေက အဆင့်သင့်မဖြစ်ဘူး။ မလုံလောက်ဘူး။ တံတားတွေဆောက်၊ လမ်းတွေဖောက် တာတွေချည်း လုပ်မနေဘဲ ရှိပြီးသားလမ်းကို ချဲ့ဖို့လိုတယ်” ဟု ပြောကြားသည်။

 eleven media group

No comments: