Tuesday, September 03, 2013

သမ္မတဦးသိန်းစိန် တရုတ်သို့ ထပ်မံသွားရောက်


Tuesday, September 3, 2013



(၁၀) ကြိမ်မြောက် ကျင်းပမည့် တရုတ်- အာဆီယံကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး တက်ရောက်ရန် အတွက်နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့သို့ စက်တင်ဘာလ ၂ ရက်နေ့တွင် နေပြည်တော်လေဆိပ်မှ စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှာ တရုတ်နိုင်ငံတွင် တစ်ရက်သာ နေထိုင်မည် ဖြစ်ပြီး စက်တင်ဘာလ ၃ ရက် နေ့တွင် မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ ယင်းခရီးစဉ်အတွင်း အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ငါးဦးနှင့် ဒုတိယဝန်ကြီးများ၊ အကြီးတန်း အရာရှိကြီးများ ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ အဆိုပါခရီးစဉ်သည် ၎င်း၏ သမ္မတသက်တမ်းအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေးကြိမ်မြောက် သွားရောက်မည့် ခရီးစဉ် ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ၎င်း၏ နန်နင်းခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီကွန်ချန်နှင့် တွေ့ဆုံဖွယ် ရှိကြောင်း တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာတွင် ဖော်ပြထားသည်။

နန်နင်း ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့ အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအစိုးရ အကြီးတန်း အရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင် ၁၅၀ ကျော် တက်ရောက်မည်ဖြစ်ကြောင်း အဆိုပါသတင်းဌာနတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး တရုတ်အစိုးရ၏ ၂၀၁၃ ခုနှစ် ဇူလိုင်လ စာရင်းများအရမြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၉ ဘီလီယံ ရင်းနှီးမြှုပ်နှံ
ထားကာ ယခုနှစ် ပထမသုံးလပတ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရှိရသည်။

The Voice Weekly

No comments: