Tuesday, September 03, 2013

သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ တရုတ်နိုင်ငံ နန်နင်းမြို့သို့ ရောက်ရှိ

Tuesday, September 3, 2013




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO)နှင့် တရုတ်-အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (CABIS) တို့သို့ တက်ရောက်ရန် စက်တင်ဘာ (၂)ရက် နံနက် (၉) နာရီတွင် နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော် လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ဦးအုန်းမြင့် နှင့် ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးရဲထွဋ်၊ ဒေါက်တာ ဝင်းမြင့်နှင့် အဖွဲ့ဝင်များ လိုက်ပါလာသော လေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ (၁၂) နာရီ မိနစ် (၅၀) တွင် နန်နင်းမြို့ နန်နင်း အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ရောက် ရှိသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အဖွဲ့အား တရုတ်နိုင်ငံ ကွမ်ရှီးကျွမ်းပြည်နယ် ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Qin Ruixiang နှင့် တာဝန်ရှိသူများ၊ နန်နင်းမြို့၌ ကြိုတင်ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဦးဝင်းမြင့်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးနှင့် နန်နင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းနှင့်မိသားစုများက နန်နင်း အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် နန်နင်းမြို့ရှိ လိယွမ် ဧည့်ဂေဟာ သို့ ရောက်ရှိကြသည်။

http://www.president-office.gov.mm/zg/?q=briefing-room%2Fnews%2F2013%2F09%2F02%2Fid-4389

No comments: