Thursday, September 05, 2013

သင်္ဃန်းကျွန်းမြို့နယ်တွင် ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ် စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေ


Thursday, 05 September 2013 

သင်္ဃန်းကျွန်းမြို့နယ်ရှိရှို့မီးသဖွယ်ဖြစ်ပွားခဲ့သောအစ္စလာမ်ဘာသာရေးစာသင်ကျောင်းမှတာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

ဖြစ်စဉ်အနေအထားအရစက်တင်ဘာ၎ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ခဲ့ခြင်းဖြစ်ကာ လူသုံးဦးက ဓနိမိုးထားသော အစ္စလာမ် စာသင်ကျောင်းပေါ်သို့ အင်ဂျင်ဝိုင်များ သုတ်ထားသော တုတ်များဖြင့် မီးရှို့ကာ ပစ်တင်ခဲ့ပြီးနောက်မီးမှာသုံးမိနစ်ခန့်သာလောင်ကျွမ်းနိုင်ခဲ့ကြောင်းရဲတပ်ဖွဲ့၏ကနဦးစစ်ဆေးချက်အဖြေများအရ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူက"ဖြစ်စဉ်ဖြစ်တယ်ဆိုတဲ့စသိသိချင်းပဲရောက်ရှိနေခဲ့ပြီးအခြေအနေကို ထိန်းထားခဲ့ပါတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ လက်ရှိတော့ ကျောင်းတာဝန်ရှိသူတွေကို စစ်ဆေးနေတယ်။ ပြီးတော့ ပတ်ဝန်းကျင် နေထိုင်သူတွေ ဆီကလည်း ဆက်လက်စုံစမ်း သွားမယ်" ဟု ပြောကြားသည်။

ယင်းအစ္စလာမ်ဘာသာရေးစာသင်ကျောင်းမှာသင်္ဃန်းကျွန်းမြို့နယ်၂ရပ်ကွက်ရှိယုဝလမ်းတွင်တည်ရှိပြီး ကျောင်းဆောင်နှစ်ခုဖြင့် စာသင်ကြားနေကြောင်း၊ ကျောင်းသားဦးရေ ၂၇၀ ရှိပြီး ကျောင်းဆရာ ၃၄ ဦးရှိကြောင်း သိရသည်။

ရှို့မီးသဖွယ်ဖြစ်ပွားခဲ့သောဂျာမေအာအာရဗီယာအစ္စလာမီယာသအ်လီမွလ်ကုရ်အာန်ကျောင်းမှဒုတိယကျောင်းအုပ် ဖြစ်သူက "ကျွန်တော်တို့ အနေနဲ့ကတော့ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးတာကို ပြန်လည်ဖြေကြားတယ်။ နောက်ပြီး ဓနိမိုးထားတဲ့ကျောင်းကို သွပ်မိုးဖို့အတွက် သက်ဆိုင်ရာကို တင်ထားခဲ့ဖူးတာ မှန်ပါတယ်။ ဒါပေမဲ့ ချမပေးခဲ့ပါဘူး" ဟု ပြောသည်။

လက်ရှိတွင်ယင်းအစ္စလာမ်ဘာသာရေးစာသင်ကျောင်းမှကျောင်းအုပ်ဦးခင်အောင်နှင့်အဆောင်ဆရာနှစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများကစစ်ဆေးနေသည့်အပြင်ယင်းကျောင်းဝန်းကျင်အနီး နေထိုင်သူ ငါးဦးခန့်ကိုလည်း စစ်ဆေးနေကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မီးရှို့ခဲ့သည်ဟူသောအစ္စလာမ်ဘာသာရေးစာသင်ကျောင်းမှာ၁၉၈၀ခုနှစ်ကစတင်တည်ထောင်စာသင်ကြားခဲ့ကြောင်း၊ ၎င်းစာသင်ကျောင်းရှိသောလမ်းမှာလည်းအစ္စလာမ်ဘာသာဝင်များသာနေထိုင်ကြောင်းပတ်ဝန်းကျင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

၎င်းအပြင်လာရောက်မီးရှို့မှုဖြစ်ပွားခဲ့သည်ဆိုသောဓနိမိုးစာသင်ကျောင်းကိုလည်း၁၉၉၅ခုနှစ်ကသွပ်မိုးအဖြစ် တည်ဆောက်ရန် သက်ဆိုင်ရာ မြို့နယ်ရုံးများသို့ တင်ပြခဲ့သော်လည်း ခွင့်ပြုမိန့် မရရှိခဲ့ကြောင်း သိရသည်။

eleven media group

No comments: