Thursday, September 05, 2013

ထန်းကုန်းအကြမ်းဖက်မှုတွင် ပျက်စီးခဲ့သောအိမ်ခြေများအား ပြန်လည် ဆောက်လုပ်ပေးမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဆို


Thursday, 05 September 2013 

ကန့်ဘလူမြို့နယ်ထန်းကုန်းအကြမ်းဖက်မှုကြောင့်ဒုက္ခသည်၃၂၅ဦးရှိနေပြီးပျက်စီးဆုံးရှုံးသွားသောအိမ်ခြေများကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ကပြန်လည်တည်ဆောက်ပေးရန်ကတိပေးခဲ့ကြောင်းဒေသခံများကဆိုသည်။


"အကြမ်းဖက်ဖြစ်စဉ်ပြီးတဲ့နောက်ရက်မှာဝန်ကြီးချုပ်ဦးသာအေးလာတယ်။ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်တွေကို အမြန်ဆုံး ပြန်ဆောက်ပေးမယ်လို့ပြောသွားတယ်။ မီးလောင်ပျက်စီးတာက အိမ်ခြေ ၅၂ လုံး ရှိတယ်" ဟု ထန်းကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

ဒုက္ခသည်၁၅၀ခန့်အားလက်ရှိထန်းကုန်းကျေးရွာအာရ်ဗီကျောင်းတွင်ယာယီနေရာချထားပြီးမြို့နယ်ကျန်းမာရေး ဌာနကနံနက်၉နာရီမှမွန်းလွဲ၁နာရီအထိစောင့်ရှောက်ပေးနေကြောင်းသိရသည်။

"ဒုက္ခသည်၁၅၀လောက်ကအာရ်ဗီကျောင်းထဲမှာ။ကျန်တာတွေကတော့ဗလီနဲ့တခြားဆွေမျိုးတွေအိမ်မှာ နေကြတယ်" ဟု ထန်းကုန်းဒေသခံ ဦးအောင်ဆန်းက ပြောကြားသည်။

ဒုက္ခသည်များအားထောက်ပံ့မှုအနေဖြင့်ပဋိပက္ခတားဆီးရေးအဖွဲ့ကတစ်အိမ်ထောင်လျှင်ကျပ်၁၇၀၀၀၊လူတစ်ဦးလျှင် ကျပ် ၁၅၀၀၀ ပေးအပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျပ်သိန်း ၂၀ နှင့် အခြားအသုံးအဆောင် ပစ္စည်းအချို့ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

"ပျက်စီးသွားတဲ့ အိမ်တွေကို အမြန်ဆုံး ပြန်ဆောက်ပေးရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ကတိပေးပြီး တကယ်မလုပ်ဖြစ်တာတွေကလည်းရှေ့မှာရှိနေတော့ဒေသခံတွေကစိုးရိမ်မှုတော့ရှိတယ်"ဟုကန့်ဘလူမြို့နယ်ဒေသခံတစ်ဦးက ဆိုသည်။

eleven media group

No comments: