Wednesday, September 11, 2013

တာလီဘန်ခေါင်းဆောင်ကို လွှတ်ပေးရန် ပါကစ္စတန်အစိုးရ စီစဉ်


 Wednesday, September 11, 2013
ပါကစ္စတန်အစိုးရသည်တာလီဘန်တို့နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုပိုမိုတိုးတက်အဆင်ပြေစေရေးရည်ရွယ်ချက်ဖြင့်တာလီဘန်ခေါင်းဆောင်မာလူအက်ဘ်ဒယ်လ်ဂါနီဘာရာဒါကိုပြန်လွှတ်ပေးရန်စီစဉ်နေကြောင်းသိရှိရသည်။ဘာရာဒါလွတ်မြောက်မည့်နေ့ရက်ကိုတိတိကျကျမသိရသေးသော်လည်းတစ်လအတွင်းဖြစ်နိုင်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်၏ အဓိက အကြံပေး အရာရှိ တစ်ဦးက Reutersသို့ ပြောကြား ခဲ့သည်။ 

ဘာရာဒါကို ပါကစ္စတန်ရှိ ကရာချိမြို့တွင် (၂၀၁၀)ပြည့်နှစ်က ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဘာရာဒါကိုဖမ်းဆီးနိုင်မှုသည်အမေရိကန်၏CIAနှင့်ပါကစ္စတန်ထောက်လှမ်းရေးဌာနတို့၏ထူးခြားပြောင်မြောက်သည့် စွမ်းဆောင်ရည် တစ်ရပ်အဖြစ် အသိအမှတ် ပြုခြင်းခံခဲ့ရသည်။ "အခြေခံ သဘောတရားကတော့ ကျွန်တော်တို့က သူ့ကို လွှတ်ပေးဖို့ သဘောတူတယ် ဆိုတာပါပဲ။ ဒါပေမဲ့ အချိန်ကတော့ ညှိနှိုင်းဆဲပါ။ မကြာခင် ဖြစ်နိုင်တယ်။ တစ်လလောက်အတွင်းလို့ ကျွန်တော်ထင်တယ်"ဟု ပါကစ္စတန် ဝန်ကြီးချုပ် နာဝက်ဇ်ရှာရစ်ဖ်၏ အကြံပေးအရာရှိ ဆာတက်ဂ်ျ အဇစ်က ပြောကြားခဲ့သည်။ ၎င်းသည် နိုင်ငံတကာ မူဝါဒ ရေးရာများတွင် ဝန်ကြီးချုပ်ကို အဓိကကျသော အကြံဉာဏ် စိတ်ကူးကောင်းများ ထောက်ပံ့နေသည့် လက်ရုံးတစ်ဦးလည်း ဖြစ်သည်။

BBCနှင့်အင်တာဗျူးတွင်မူအဇစ်က"ဘာရာဒါကိုလွှတ်ပေးဖို့ ကိစ္စက အစိုးရ အေဂျင်စီ တော်တော်များများနဲ့ ဆက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတုန်းပါ"ဟုလည်း ဖြည့်စွက် အသိပေးသွားသည်။ ဘာရာဒါသည် (၁၉၉၄)ခုနှစ်က အာဖဂန်နစ္စတန်တွင် တာလီဘန် လှုပ်ရှားမှုများကို စတင်ထူထောင်သူ (၄)ဦးအနက်မှ (၁)ဦးဖြစ်သည်။ ၎င်းသည် အာဖဂန်ကို (၂၀၀၁)ခုနှစ်တွင် အမေရိကန်က ကျူးကျော်တိုက် ခိုက်ချိန်၌ အဓိက အရေးအပါဆုံး တော်လှန်သောင်းကျန်းသူ တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံလာရသည်။

 Planet Myanmar Network

No comments: