Tuesday, September 17, 2013

ဆီးရီးယားအပေါ် ပြင်းထန်တဲ့ ကုလဆုံးဖြတ်ချက် ချမှတ်ဖို့

Tuesday, 17 September 2013 

ဆီးရီးယားနိုင်ငံက သူ့ရဲ့ဓာတုလက်နက်တွေကို စွန့်လွှတ်ရေး တိကျပြီး မဖြစ်မနေ လိုက်နာလုပ်ဆောင်ရမယ့် နောက်ဆုံးရက် သတ်မှတ်ချက်တွေပါဝင်တဲ့ အားကောင်းတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တခု ထွက်လာဖို့ လိုအပ်တယ်ဆိုတာကို အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့က သဘောတူလိုက်ကြပါတယ်။

လုပ်ငန်းဟာ ခက်ခဲပြီး ရှုပ်ထွေးတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယမ် ဟိတ်ဂ် (William Hague) ပြောပေမဲ့ သမ္မတ ဘာရှာ အယ်လ်-အာဆဒ်အစိုးရအပေါ် ဖိအားဆက်ပေးသွားဖို့ လိုအပ်တယ်ဆိုတာကို အလေးအနက် ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဒမတ်စ်ကပ်စ်မြို့တော်နားမှာ ဓာတုလက်နက်နဲ့တိုက်ခိုက်တာဟာ သမ္မတအာဆဒ်အစိုးရရဲ့ လက်ချက်ဖြစ်တယ်လို့ အနောက်အင်အားကြီးနိုင်ငံတွေက ပြောနေပေမဲ့ ဆီးရီးယားအစိုးရကတော့ အဲဒါဟာ အစိုးရကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောထားပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ(John Kerry)တို့နဲ့ ပဲရစ်မြို့တော်မှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာပါ။

ဆီးရီးယားအနေနဲ့ သူတို့ရဲ့ဓာတုလက်နက်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော် ပြောဆိုဖို့တောင်းဆိုတဲ့ အစီအစဉ်တစ်ရပ်ကို အမေရိကန်နဲ့ရုရှားတို့အကြား သဘောတူခဲ့အပြီး ရက်အတော် အကြာမှာ ဒီကနေ့ ဆွေးနွေးပွဲ လုပ်ခဲ့ကြတာပါ။ ဆီးရီးယားအစိုးရက လိုက်နာလုပ်ဆောင်မယ်လို့ ကတိပေး ထားပါတယ်။

VOA

No comments: